နေပြည်တော်၊ စက်တင်ဘာ ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ Sheremetyevo လေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခေတ္တတည်းခိုမည့် ဟိုတယ်သို့ ဆက်လက် ထွက်ခွာခဲ့ကြသည်။
လှူဖွယ်ပစ္စည်းများ လှူဒါန်း
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်ပြီး ကျောင်း၌သီတင်းသုံးနေသည့် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ နှင့် ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တအစ္ဆရိယတို့အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းသည်။
ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သီတဂူဆရာတော်ကြီးထံ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး ဆိုင်ရာများ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
နေ့ဆွမ်းဆပ်ကပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သီတဂူဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်