Skip to main content

ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019) (COVID-19) မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၁ ၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019) (COVID-19)ကို ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ် ပြီး ဤအမိန့်ကို မရုပ်သိမ်းသမျှ ကာလပတ်လုံးအတည်ဖြစ်ကြောင်း ၂၈-၂-၂ဝ၂ဝ ရက်စွဲပါစာ အမိန့်အမှတ် ၁၉/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

၂။       ကျန်းမာရေးဝန်ကြီးဌာနသည် အထက်ဖော်ပြပါ ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရ မည့်ရောဂါအား မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်သော တားမြစ်ကန့်သတ်ချက်များ ထုတ်ပြန်ခြင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုများသော မြို့နယ်များတွင် မိမိနေအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at home)များ သတ်မှတ် ကြေညာခြင်း၊ အဆိုပါအစီအစဉ်တွင် မပါဝင်သော မြို့နယ်များတွင်လည်း လိုအပ်သော ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ဆောင်ရွက်ခြင်းနှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်၍ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို အထူးကြိုးစားဆောင်ရွက်လျက် ရှိပါသည်။

 

၃။      ယခုအခါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူများ မြန်မာနိုင်ငံတွင် တွေ့ရှိရ သည့်အပြင် အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲမှာ အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ (Variants of Concern) Delta မျိုးစိတ်ဖြစ်သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ခြေ မြင့်မားနိုင်ကြောင်းသုံးသပ်ထားပြီး အချို့သောကိုဗစ်ကာကွယ်ဆေးများ၏ အကျိုးအာနိသင် ကိုလည်း အနည်းငယ် လျော့ကျနိုင်ကြောင်း သိရှိရပါသည်။

 

၄။      သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့်အမိန့်သည် မရုပ်သိမ်းသမျှကာလပတ်လုံး အတည်ဖြစ်ပါ၍ ပြည်သူလူထု အနေဖြင့် ထုတ်ပြန်ထားသော အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်း လမ်းညွှန်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည်။

 

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်