Skip to main content

ဆေးဝါးအတုအန္တရာယ် ဂရုပြုကာကွယ်

 

ကိုဗစ် -၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးတွင် ကာကွယ်ဆေးထိုးနှံမှုက အရေးပါသည်။ မိမိတို့နိုင်ငံတွင် ယခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းထက်မနည်း ကာကွယ်ဆေးထိုးနှံပေး နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူခြင်းနှင့် လှူဒါန်းမှုတို့မှ ရရှိသော ကာကွယ်ဆေးများကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိသည်။ တစ်ဖက်တွင်လည်း ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်များ၊ ဆေးရုံဆေးခန်းများ၊ လူမှုရေးအသင်းအဖွဲ့များကို နိုင်ငံတကာနှင့်အာရှတွင် ထိုးနှံနေသည့် အရည်အသွေး အာနိသင်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တင်သွင်း ဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ခွင့်ပြုခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တင်သွင်း ဖြန့်ဖြူးခြင်းနှင့် ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များကိုလည်း ချမှတ်ပေးခဲ့သည်။

 

မြန်မာနိုင်ငံတွင် လက်ရှိအသိအမှတ်ပြုထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ငါးမျိုးရှိရာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးလ်နှင့် ကိုဗက်ဆင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ဆိုင်နိုဖမ်းနှင့် ဆိုင်နိုဗက်၊ ရုရှားနိုင်ငံထုတ် စပွန်နစ်ဗီတို့ ဖြစ်သည်။ ယင်းအနက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးလ်ကာကွယ်ဆေးကို ပထမအသုတ် ကိုဗစ် ကာကွယ်ဆေး ထိုးနှံမှုတွင် လူဦးရေ ၁ ဒသမ ၈ သန်းကို နှစ်ကြိမ် ထိုးနှံပေးခဲ့သည်။ ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အတုများပေါ်ထွက်လာကြောင်း အိမ်နီးချင်းနိုင်ငံအချို့မှ သတင်းများနှင့်အတူ မိမိတို့နိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးအတုများကို Online မှ လည်းကောင်း၊ အခြားနည်းလမ်းများနှင့် လည်းကောင်း ရောင်းချမှုများ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လည်း သတိပေးချက်တစ်ရပ်ထုတ်ပြန်၍ ကာကွယ်ဆေးအတုများ အရှေ့တောင်အာရှနိုင်ငံများ၊ အိန္ဒိယနှင့် အာဖရိကနိုင်ငံများတွင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ဩဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သလို မြန်မာနိုင်ငံသို့လည်း အကြောင်းကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးအတုသည် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးကို တုပထားခြင်းဖြစ်ပြီး ဆေးပုလင်း တစ်လုံးလျှင် ၁၀ ကြိမ်စာ ထိုးနှံနိုင်သည့် 5 ml ပုလင်းနှင့် ဆေးပုလင်းတစ်လုံးလျှင် လေးကြိမ်စာပါဝင်သည့် 2ml ပုလင်းများကို အတုအပပြုလုပ် ရောင်းချနေခြင်းဖြစ်သည်ဟု သိရသည်။ ဆေးဝါးအတုများမှာ မည်သည့် အာနိသင်မျှ မရှိသည့်အပြင် ဆေးကြောင့်ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကာကွယ်ဆေးထိုး နှံပေးသူများရော ကာကွယ်ဆေးထိုးခံမည့်သူများပါ အထူးဂရုပြုကြရမည် ဖြစ်သည်။ ကရားဝင်လမ်းကြောင်းမှ တင်သွင်းလာသည့် ဆေးဝါးများတွင် ထုတ်လုပ်သည့် မူလကုမ္ပဏီမှသည် သယ်ယူသည့်လမ်းကြောင်းနှင့် ဆေးဝါးတင်သွင်းလက်ခံသည့် ကုမ္ပဏီတို့အထိ ထုတ်လုပ်မှု၊ တင်ပို့မှု၊ ဖြန့်ဖြူးမှု တစ်ဆက်တစ်စပ်တည်း စစ်ဆေးကြည့်ရှုနိုင်ပြီး ဆေးဝါးသိုလှောင်မှုတွင်လည်း အအေးလမ်းကြောင်းမပြတ် ဆောင်ရွက်ရသည့်အတွက် ဆေးဝါး၏ အာနိသင်မှာလည်း စိတ်ချရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နယ်စပ်ဒေသများမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန် လိုကြောင်း၊ မြို့ကြီးများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆေးဝါးကုမ္ပဏီများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးများ တင်သွင်းခွင့်ပေးထားကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသမှ ပြည်သူများအနေဖြင့် ဆေးဝါးအတုများ ထိုးနှံမှုမရှိစေရေးအတွက် ဒေသခံပြည်သူများသိရှိစေရေး အမြဲမပြတ် အသိပေး ထုတ်ပြန်ဆောင်ရွက်နေရန်လိုကြောင်း၊ ဆေးဝါးအတုများသည် လူ့အသက်အန္တရာယ်အထိ ဖြစ်ပေါ်စေနိုင်သဖြင့် ထိုသို့ဆောင်ရွက်သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ရာ ဆေးအတုကြောင့် ဘေးအန္တရာယ်များ ပေါ်ပေါက်မလာစေရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် ဆေးအတုကင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချ သူများကိုလည်း ဖော်ထုတ်အရေးယူနိုင်ရေး အလေးပေး ဆောင်ရွက်နိုင်ရန် နှိုးဆော်အပ်ပါကြောင်း။ ။

 

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်