Skip to main content

မျိုးရိုးဗီဇကွဲ ကိုဗစ်ရောဂါပိုးများအားသတိပြု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ဒယ်လ်တာမျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်အခါတွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ ဒယ်လ်တာမျိုးစိတ်သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားသည်။ ထို့အပြင် အချို့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင် ခဲ့ကြောင်း အသိပေးထား သည်။

 

အဆိုပါ ဒယ်လ်တာမျိုးစိတ်သစ်ကို အစောပိုင်းကတည်းကတွေ့ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံများတွင် ကူးစက်မှုမြင့်မားလာသဖြင့် ကိုဗစ်တတိယလှိုင်းအဖြစ် ပြင်းထန်စွာ ရိုက်ခတ်လာသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် မျိုးဗီဇကွဲ ကိုဗစ်မျိုးစိတ်သစ်ပိုးကို သုတေသန ပြုလုပ်ခဲ့သည်။ သြဂုတ် လ ၂၈ ရက်နေ့တွင် စစ်ဆေးသည့် ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသော ပိုးတွေ့ရှိသူ၁၅ ဦးကို တွေ့ရှိခဲ့သည်။ အဆိုပါ ၁၅ ဦးသည် အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ဒယ်လ်တာမျိုးစိတ်သစ်ဖြစ်ကြောင်း သိရသည်။ ရောဂါပိုးသစ်တွေ့ရှိသူ ၁၅ ဦးမှာ နေပြည်တော်မှ ငါးဦး၊ ရန်ကုန်မှ နှစ်ဦး၊ မန္တလေးမှ နှစ်ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့တို့မှ တစ်ဦးစီ ဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ကိုလံဘီယာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် “မူဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တစ်မျိုးကို စောင့်ကြည့်လေ့လာနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ ယင်းမျိုးကွဲသည် ကာကွယ်ဆေးများ၏ ထိရောက်မှုကို ခံနိုင်ရည်ရှိသည့် အန္တရာယ်ရှိကြောင်း ဖော်ပြနေသည့် သန္ဓေပြောင်းမှုများရှိသည်ဟု အသိပေးခဲ့ပြီး ယင်းကို နောက်ထပ်လေ့လာမှုများစွာ ပြုလုပ်ရန်လိုကြောင်း ပြောကြားသည်။ ကမ္ဘာတစ်ဝန်းတွင် အထူးသဖြင့် ကာကွယ်ဆေး မထိုးနှံရသေးသော သူများနှင့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့သည့်ဒေသများတွင် အလွန်ကူးစက်မြန် ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုကြောင့် ကူးစက်မြန်နှုန်း မြင့်တက်နေချိန်တွင် ဗိုင်းရပ်စ်မျိုးကွဲသစ် ထပ်မံပေါ်ထွက်လာမည့်အရေးကို စိုးရိမ်ပူပန်နေကြသည်။

 

ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတတ်သည့် ဗိုင်းရပ်စ်ပိုးအားလုံးတို့သည် အချိန်နှင့်အမျှ သန္ဓေပြောင်းနေပြီး ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဟူ၍ အဆင့်ဆင့်ပြောင်း၍ ဖြစ်ပေါ်နေသောကြောင့် ဗိုင်းရပ်စ်မျိုးကွဲသစ်များကို သတိထားနေရသည်။ သို့သော် သန္ဓေပြောင်း ဗိုင်းရပ်စ် မျိုးကွဲသစ်များသည် ကူးစက်မှု အလွန်မြန်သည်ဟုဆိုသော်လည်း ဗိုင်းရပ်စ်၏ ဂုဏ်သတ္တိအပေါ်မူတည်၍ သက်ရောက်မှုအနည်းငယ်ရှိခြင်း သို့မဟုတ် သက်ရောက်မှုလုံးဝ မရှိခြင်းတို့လည်း ဖြစ်ပေါ်တတ်သည်။ နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ကူးစက်ပျံ့နှံ့နေသည့် ဒယ်လ်တာမျိုး ကွဲနှင့် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၌ ကူးစက်ပျံ့နှံ့နေသည့် အယ်လ်ဖာမျိုးကွဲအပါအဝင် လက်ရှိတွင် စိုးရိမ်ရသော ဗိုင်းရပ်စ်မျိုးကွဲ လေးခုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။ ယခုအခါ “မူမျိုးကွဲအပါအဝင် ဗိုင်းရပ်စ်ပိုးငါးမျိုးကို စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ ။

 

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုလူနာ လေးသိန်းကျော်နှင့် သေဆုံးသူ တစ်သောင်းခွဲကျော်ရှိသည်။ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အခြေအနေမှာ ဇူလိုင်လတွင် ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်ခဲ့ပြီး ယခုအခါတွင် ရောဂါဖြစ်ပွားမှုနှုန်း တစ်ဝက်ခန့် ပြန်လည်ကျဆင်းလာသည်။ သို့သော် မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှုမှာ အကျဘက်တွင်ရှိနေသော်လည်း အနည်းငယ်တက်ခြင်း၊ တန်းနေခြင်း တို့ဖြစ်ပေါ်နေသဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာ ကျဆင်းလာစေရန် ကာကွယ်ဆေး ထိုးနှံကြရန်နှင့် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူအားလုံးတို့က တိတိကျကျ လိုက်နာကြရန်လိုအပ်သည်။

 

သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင်၊ မိမိမိသားစုနှင့် ပတ်ဝန်းကျင်ကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အမိန့် ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း။ ။

 

ကြေးမုံ အယ်ဒီတာ့အာဘော်