နေပြည်တော်၊ စက်တင်ဘာ ၂
မြန်မာ့တပ်မတော်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ဩဂုတ် ၂၂ ရက်မှ စတင်၍ ကျင်းပပြု လုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကားစွမ်းရည် ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည်ပြိုင်ပွဲများအပြင် ဆက်စပ် ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ Creative Competition တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပြိုင်ပွဲဝင် ရိုးရာယဉ်ကျေးမှု တပ်ဖွဲ့ဝင်များနှင့်အတူ ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေတင်ဆက်ပြသမှုတွင် ပထမဆု၊ ရုရှားသီချင်းဖြင့် တစ်ဦးချင်းသီဆိုဖျော်ဖြေတင်ဆက်မှုတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာ ယဉ်ကျေးမှုကို ပေါ်လွင်ထင်ဟပ်အောင်ဖျော်ဖြေတင်ဆက်ပြသမှုတွင် ဒုတိယဆု တို့ကို ဆွတ်ခူးရရှိခဲ့ သည့်အပြင် အွန်လိုင်းမှတဆင့် ပရိသတ်များ၏ မဲပေးရွေးချယ်မှုတွင်လည်း တတိယဆုကို ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့သည်။
မြန်မာ့တပ်မတော် ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များအနေဖြင့် International Army Games ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ Creative Competition ကို ၂၀၁၈ ခုနှစ်ကတည်းကပင် နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စုံတွဲအက အကောင်း ဆုံးဆု၊ စုံတွဲအတီးအကောင်းဆုံးဆု၊ ရိုးရာဝတ်စုံအကောင်းဆုံးဆုများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အဆို၊ အက၊ အတီး အကောင်းဆုံးဆုများကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ် တွင် အက တတိယအကောင်းဆုံးဆု၊ ရုရှားသီချင်းသီဆိုဖျော်ဖြေမှု အကောင်းဆုံး ဆုများကို လည်းကောင်း အသီးသီးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
မြန်မာ့တပ်မတော် ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များအနေဖြင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ Creative Competition များတွင် မြန်မာ့ရိုးရာတူရိယာပစ္စည်းများ၊ သီချင်းများ၊ အက၊ အလှများဖြင့် မြန်မာ တို့၏ ရိုးရာယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် ယဉ်ကျေးမှု အက၊ အလှတို့ကို ကမ္ဘာကသိအောင် စွမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)