Skip to main content

ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေး ကမ္ဘာ့ဘဏ်က ပူးပေါင်းပါဝင်ကူညီနိုင်မည့် ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဒါရိုက်တာရုံးနှင့် ညှိနှိုင်း၍ ထိုင်းနိုင်ငံ Government Pension Fund – GPF စနစ် ဆောင်ရွက်နေမှုများကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက်လေ့လာခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက ဗန်ကောက်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးခွဲသို့ သွားရောက်၍ ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံ Country Manager Ms. Brigit Hansl ဦးစီးသော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပင်စင်စနစ် ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ်များတွင် ကမ္ဘာ့ဘဏ်က ပူးပေါင်းပါဝင်ကူညီနိုင်မည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် ထိုင်းနိုင်ငံ အစိုးရ ပင်စင်ရန်ပုံငွေ (Government Pension Fund – GPF)ရုံးချုပ်သို့ သွားရောက်၍ အထွေထွေ အတွင်းရေးမှူး ချုပ် Mr. Vitai Ratanakorn ဦးဆောင်သော တာဝန် ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိ ပင်စင်စနစ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြရာ ထိုင်းနိုင်ငံ အစိုးရ ပင်စင်ရန်ပုံငွေ စနစ်အကြောင်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က ရှင်းလင်း တင်ပြသည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ထိုင်း GPF မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒနှင့် အကောင်အထည်ဖော်မှု လုပ်ငန်းအတွေ့အကြုံများ၊ အစိုးရပင်စင် ရန်ပုံငွေ၏ လည်ပတ်ဆောင်ရွက်မှု၊ ရန်ပုံငွေတိုးပွားအောင် ဆောင်ရွက် နေမှုများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ကြိုတင်ပြင်ဆင်သင့်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စား လှယ်အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်း ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့ဘဏ်၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်ရုံးခွဲ၌ ကမ္ဘာ့ဘဏ် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ၏ ပင်စင်စနစ်ပြုပြင် ပြောင်းလဲ ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာ ပင်စင်စနစ်ပြောင်းလဲမှုများ၊ ထိုင်းနိုင်ငံ အတွေ့အကြုံများအပေါ် အခြေခံ၍ ဆောင်ရွက်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ သွားရောက်၍ ထိုင်းနိုင်ငံအစိုးရ ပင်စင်ရန်ပုံငွေဘုတ်အဖွဲ့ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် Mr. Prasong Poontaneat နှင့်တွေ့ဆုံ၍ ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စ၊ ပင်စင်ဆိုင်ရာကိစ္စများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး နှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ အစိုးရပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင် ၁၄ ဦးပါ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းထားရှိရာ လိုအပ်သော ဥပဒေမူကြမ်း ပြုစုရေးဆွဲခြင်း၊ အခြားနိုင်ငံများ၏ အတွေ့အကြုံ များကို လေ့လာခြင်း၊ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေး ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်