Skip to main content

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီခွဲတွင် နောင်ချိုမြို့နယ် လားရှိုး-မန္တလေးသွား ကားလမ်း အိုရီယမ် တယ်တိုးဂိတ်အနီးတွင် သတင်းအရ သီပေါမှ မန္တလေးသို့ စိုင်းဘိုစာ (၃၁ နှစ်) မောင်းနှင်ပြီး အောင်မိုး(၂၈)နှစ် လိုက်ပါလာသည့် ခြောက်ဘီးယာဉ် ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ နောက်မှလိုက်ပါလာသည့် မျိုးချစ် (၅၀ နှစ်) မောင်းနှင်ပြီး ထွန်းနိုင်(၃၁ နှစ်) လိုက်လာ သည့် ခြောက်ဘီးယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၁ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းစိမ်း ၁၂၄ ဒသမ ၈ ကီလိုတို့ကို ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် ဖြစ်ပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်