နေပြည်တော် ဩဂုတ်လ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ အကြမ်းဖက်သူ အမျိုးသား လေးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ခြိမ်းခြောက်၍ ကမ္ဘာ့ရတနာဘဏ်မှ ငွေကျပ်သိန်းတစ်ထောင်ခန့်ကို လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ခြိမ်းခြောက်
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သမိုင်းမြို့ဟောင်း(၈)လမ်းရှိ ကမ္ဘာ့ရတနာ ဘဏ်သို့ Mark II ယာဉ်(စိစစ်ဆဲ)ဖြင့် ရောက်ရှိလာသော အကြမ်းဖက်သူ အမျိုးသား လေးဦး(စိစစ်ဆဲ) က ပစ္စတိုသေနတ်ဟု ယူဆရသော သေနတ်အတိုကိုယ်စီကိုင်ဆောင်၍ ဘဏ်အတွင်းသို့ ဝင်ရောက်လာကာ ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ကောင်တာစားပွဲပေါ်နှင့် ကြမ်းပြင်ပေါ်တွင် စီထားသော ငွေကျပ်သိန်းတစ်ထောင်ခန့်အား လုယက် ယူဆောင်ပြီး Mark II ယာဉ်ဖြင့် သမိုင်းဘူတာရုံလမ်းအတိုင်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
အထက်ပါ အကြမ်းဖက်လုယက်မှုဖြစ်စဉ်မှ သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေများလုယက် ယူဆောင်သွားသူများအား အမြန်ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်