နေပြည်တော် ဩဂုတ် ၃၀
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၆ ခုမှ အိမ်သုံးဆေးဝါး ၂၁၄ မျိုးက ရောင်းချပေးလျက်ရှိပြီး ၃၂ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၁၁ ရက်မြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် ၁၀ သိန်းကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ရွေ့လျားဈေးကားဖြင့် သားငါးများ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်