Skip to main content

မြေအောက်ဥမင်လျှောက်လမ်းဖောက်လုပ်ရန်အတွက် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ယာဉ်သွား လမ်းများလျှော့ချကာ လုပ်ငန်းဆောင်ရွက်မည်

ရန်ကုန် ဖေဖော်ဝါရီ ၁၇

ရန်ကုန်မြို့ ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် မြေအောက်ဥမင်လျှောက်လမ်း ဖောက်လုပ်ရန်အတွက် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ယာဉ်သွားလမ်းများ လျှော့ချကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
လမ်းပြောင်းလဲသတ်မှတ်မည်
အဆိုပါ စိုက်ပျိုးရေးမှတ်တိုင်တည်ရှိရာ ပြည်လမ်းမသည် လမ်းတစ်ဖက်လျှင် ယာဉ်သွားလမ်း သုံးလမ်းစီပါဝ င်သော ခြောက်လမ်းသွား လမ်းမကြီးတစ်ခုဖြစ်သည်။ ပြည်လမ်းမကြီးအကျယ်မှာ ၇၇ ပေရှိပြီး မြေအောက်ဥမင်လျှောက်လမ်းကို ပြည်လမ်းမအောက်မှ ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ လမ်းဖောက်လုပ်နေစဉ် အသွား သုံးလမ်း၊ အပြန် နှစ်လမ်းကို နံနက်/ညနေ ပြောင်းလဲ သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“မကြာခင် ဒီ Underpass အတွက် လမ်းကို ပိတ်ပါမယ်။ သို့သော်လည်း နဂိုရှိတဲ့ ခြောက်လမ်းသွားကနေ ငါးလမ်းသွားအထိပဲ လျှော့ချမှာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ မင်္ဂလာဒုံဘက်ကနေ ပြည်လမ်းအတိုင်းလာတဲ့သူတွေက သုံးလမ်းရမှာဖြစ်ပါတယ်။ ညနေပိုင်းကျရင် မြို့ထဲကနေ မင်္ဂလာဒုံဘက်သွားတဲ့သူတွေက သုံးလမ်းရမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်(၇) ဦးဝင်းမြင့်သန်းက ပြောကြားသည်။

မြေအောက်ဥမင်လျှောက်လမ်းကို အမြင့် ၁၀ ပေ ထားရှိဖောက်လုပ်မည်ဖြစ်ပြီး ဥမင်အတွင်း ဈေးဆိုင်ခန်းများကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်ကာ မသန်စွမ်း သူများအသုံးပြု နိုင်ရန်အတွက် ဓာတ်လှေကားများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဥမင် တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရေးအတွက်ကိုလည်း ထည့်သွင်းတွက်ချက်ထားပြီး လျှပ်စစ်နှင့် ပတ်သက်၍ အရေးပေါ်လိုအပ်ပါက အလိုအလျောက်မောင်းနှင်နိုင် သော မီးစက်များ တပ်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။

မြေအောက်ဥမင်လျှောက်လမ်း ဖောက်လုပ်ရန်အတွက် မြေပြင်အကြိုလုပ်ငန်းများကို ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ခဲ့ပြီး ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းခွင် အနီးအနားရှိ သစ်ပင်ပေါင်း ၄၆ ပင်ကို နေရာပြောင်းရွှေ့ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အဆုံးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။ မြန်မာငွေကျပ် ၂ ဒသမ ၁၅ ဘီလီယံခန့် ကုန်ကျမည့် အဆိုပါ ဥမင်လျှောက်လမ်း ကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဥမင်လျှောက်လမ်းများကို ပုံစံယူ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဥမင်လျှောက်လမ်းဖောက်လုပ်ပြီးစီးပါက ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း၊ ဆေးတက္ကသိုလ်၊ အဝေးသင် တက္ကသိုလ်တို့ရှိ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘများအပြင် Junction City သို့ လာရောက်သူများ၊ ဝန်ထမ်းများ၊ လမ်းဖြတ်သန်းသွားလာအသုံးပြုသူများအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည် ဖြစ်သည်။


ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ-ထိန်လင်း