Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်)

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်၌ ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိစစ်တွေ့ရှိချက်များ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှုများကို ဆက်လက်ပြောကြားသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ။

ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲနှင့်စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၁) နှင့်အညီ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများကို အသေးစိတ်စိစစ်ခဲ့ကြောင်း၊ မြို့နယ် အသီးသီးတွင်ရှိသည့် မဲရုံပေါင်း ၃၉၉၆၃ ရုံ၌ မဲပေးခဲ့ သည့်အခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဖွင့်ဖောက်စစ်ဆေးခြင်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို တွေ့ဆုံမေးမြန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း။ ။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသ ကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေများ၏ ရွေးကောက်ပွဲဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိသည့်အခြေအနေကို ဦးစွာတင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေအလိုက် ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင်ပေါင်း ၃၈၂၇၁၄၄၇ ဦးအနက် ၂၇၅၁၂၈၅၅ ဦး မဲပေးခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၁ ဒသမ ၈၉ ရာခိုင်နှုန်း ဆန္ဒမဲပေးခဲ့ကြောင်းကို ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပါဝင် ယှဉ်ပြိုင် ဆန္ဒမဲပေးမှုအခြေအနေများကို Power Point ဖြင့်တင်ပြထားပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့၏ မဲဆန္ဒရှင် စာရင်းများကို စိစစ်တွေ့ရှိချက်စာရင်းချုပ်အရ စိစစ်ခဲ့ သည့်မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၊ မဲရုံပေါင်း ၃၉၉၆၃ ရုံ၏ ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ သည့် မဲဆန္ဒရှင်စာရင်းသည် ၃၈၂၇၁၄၄၇ (သုံးဆယ့် ရှစ်သန်း နှစ်သိန်း ခုနှစ်သောင်း တစ်ထောင် လေးရာ လေးဆယ့်ခုနစ်) ဦးဖြစ်ကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၃၁၇၇၅၃၃၀ (သုံးဆယ့်တစ်သန်း ခုနှစ်သိန်း ခုနစ်သောင်း ငါးထောင် သုံးရာ့ သုံးဆယ်) ဦး ဖြစ်ပြီး ကွာခြားချက်အနေဖြင့် ၆၄၉၆၁၁၇ (ခြောက်သန်းလေးသိန်း ကိုးသောင်း ခြောက်ထောင် တစ်ရာ တစ်ဆယ့်ခုနစ်) ဦး ဖြစ်ကြောင်း။ ။

မဲဆန္ဒရှင်စာရင်းများမှာ နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရလက်မှတ်မရှိသူ ၄၈၆၉၄၂၇ (လေးသန်း ရှစ်သိန်း ခြောက်သောင်းကိုးထောင်လေးရာ နှစ်ဆယ့်ခုနစ်) ဦး၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်တစ်ခုတည်းနှင့် မဲစာရင်းတွင် သုံးကြိမ်နှင့် အထက် ပါဝင်နေသူ ၂၉၅၄၀၅ခြောက်ထောင် နှစ်ရာ့ခြောက်) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးသည့် (Cross Check) အရ မဲစာရင်းထပ်နေသူ ၁၀၉၁၇၇၆ (တစ်သန်း ကိုးသောင်း တစ်ထောင့်ခုနစ်ရာ ခုနစ်ဆယ့်ခြောက်) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုနှင့်တစ်ခုအကြား အပြန်အလှန် စစ်ဆေးသည့် (Cross Check) အရ မဲစာရင်းထပ်နေသူ ၁၄၁၇၅၉၈ (တစ်သန်း လေးသိန်းတစ်သောင်း ခုနစ်ထောင် ငါးရာကိုးဆယ့်ရှစ်) ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင်ပါဝင်နေသူ ၂၀၅၆၆ (နှစ်သောင်း ငါးရာ ခြောက်ဆယ့်ခြောက်) ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၄၄၁၂ (တစ်သောင်း လေးထောင် လေးရာ တစ်ဆယ့်နှစ်) ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည့်အတွက် မဲမသမာမှု ဖြစ်နိုင်သည့် မဲဆန္ဒရှင်စုစုပေါင်း ၁၁၃၀၅၃၉၀ (တစ်ဆယ့် တစ်သန်း သုံးသိန်း ငါးထောင် သုံးရာကိုးဆယ်) ဦး ရှိ၍ မဲဆန္ဒရှင်ပေါင်း ၂၉ ဒသမ ၅၄ရာခိုင်နှုန်းဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း။

မဲစာရင်းထပ်နေသူများ

ယခုတင်ပြခဲ့သည့် မဲမသမာမှု ဖြစ်နိုင်သည့် မဲဆန္ဒရှင် ၁၁၃၀၅၃၉၀ နှင့်စပ်လျဉ်းသည့် မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်စာရင်းအသေးစိတ် အားလုံးကို ယခုခင်းကျင်းပြသထားကြောင်း၊ Hard Copy များကို လည်းကောင်း၊ Soft Copy များကို ကွန်ပျူတာဖြင့်လည်းကောင်း လက်တွေ့စစ်ဆေး ကြည့်ရှုနိုင်သည်ဟု တင်ပြအပ်ပါကြောင်း၊ အလားတူ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များ၌ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့်မဲစာရင်းပုံစံ (၁) မှာ တင်ပြပါမဲစာရင်းထပ်နေသူများက ထပ်မံမဲပေးသည့်အခြေအနေကိုလည်း လက်တွေ့ကြည့်ရှုနိုင်ရန် ပြသထားသည်ဟု အသိပေးအပ်ပါကြောင်း။ ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များနှင့် မြေပြင် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို တင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်မဲလက်မှတ်များကို စစ်ဆေးတွေ့ရှိချက်အရ စုစုပေါင်း ထုတ်ယူရရှိခဲ့သည့် ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၃၀၀၄၃၈၂ (လေးဆယ့်သုံးသန်းလေးထောင်သုံးရာရှစ်ဆယ့်နှစ်) ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သည့် လက်မှတ်ဖြတ်ပိုင်း များမှာ ၂၇၀၉၈၀၅၈ (နှစ်ဆယ့်ခုနစ်သန်း ကိုးသောင်း ရှစ်ထောင် ငါးဆယ့်ရှစ်) ဖြစ်သည့်အတွက် ကျန်ရမည့် အရေအတွက် ၁၅၉၀၆၃၂၄ (တစ်ဆယ့်ငါးသန်း ( ကိုးသိန်း ခြောက်ထောင် သုံးရာ နှစ်ဆယ့်လေး)ဖြစ်သော်လည်း မြေပြင်လက်ကျန် ၁၄၉၂၀၇၈၃ (တစ်ဆယ့်လေးသန်း ကိုးသိန်း နှစ်သောင်းခုနစ်ရာ ရှစ်ဆယ့်သုံး) ဖြစ်နေမှုကို စိစစ်တွေ့ရှိရကြောင်း၊ကွာခြားချက်အနေဖြင့်ကျန်ရမည့် အရေအတွက်ထက် လျော့နည်းသည့် မဲလက်မှတ် အရေ တွက် ၁၄၂၄၃၉၁ (တစ်သန်း လေးသိန်း နှစ်သောင်း လေးထောင်သုံးရာ ကိုးဆယ့်တစ်) ဖြစ်ပြီး အပိုတွေ့ရှိရသည့် မဲလက်မှတ် ( အရေအတွက်မှာ ၄၃၈၈၅ဝ (လေးသိန်း သုံးသောင်း ရှစ်ထောင် ရှစ်ရာ့ငါးဆယ်) ဖြစ်ကြောင်း၊ တင်ပြပါလျော့နည်းနှင့် အပိုတွေ့ရှိရသည့် မဲလက်မှတ်များ သည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ မဲမသမာမှုဖြစ်ပေါ်စေသည်ကို စိစစ်တွေ့ရှိ ရကြောင်း။

ရွေးကောက်ပွဲရလဒ်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်စာရင်းနှင့် မဲလက်မှတ်များ စစ်ဆေးစိစစ်မှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေအသီးသီးသို့ မြေပြင်ကွင်းဆင်း စစ်ဆေးမှုအပါအဝင် ရွေးကောက်ပွဲဖြစ်စဉ် တစ်ရပ်လုံးအပေါ် လွှမ်းခြုံသုံးသပ်ချက်အရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်သည်ကိုတွေ့ရသည့်အပြင် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်မှာ အုပ်ချုပ် ရေးအာဏာနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ ကန့်သတ်ချက်များကို အလွဲသုံးပြီး နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုတင် ကြံစည်ဆောင်ရွက်ခဲ့ခြင်းများ၊ ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင် အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို အလွဲသုံး၍ ဥပဒေ၊ နည်းဥပဒေများအား ကျော်လွန်ဖောက်ဖျက် လုပ်ဆောင်ခဲ့ခြင်းများကို စိစစ်တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေတို့၏ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်များ၊ ရွေးကောက်တင်မြှောက်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီပယ်ဖျက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ရကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များ ပယ်ဖျက်ကြောင်း ကြေညာချက်ထုတ်ပြန်ကြေညာခြင်းနှင့် စပ်လျဉ်းပြီး တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့်အညီ မဲစာရင်း များစစ်ဆေးခြင်းအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၁ နှင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ တို့နှင့်အညီ ဆက်လက် လုပ်ဆောင်နိုင်ရန် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများနှင့် မဲလက်မှတ်များကို မြို့နယ်အလိုက် အသေးစိတ်စိစစ်ခြင်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းစစ်ဆေး တွေ့ရှိချက်များအရ မဲမသမာမှုဖြစ်နိုင်သော မှားယွင်း သည့် မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ ဖြစ်ပြီး ဆန္ဒမဲလက်မှတ်များ မြေပြင် စစ်ဆေးတွေ့ရှိချက်အရ ကျန်ရမည့်အရေအတွက်ထက် လျော့နည်းသည့် မဲလက်မှတ်အရေအတွက် ၁၄၂၄၃၉၁ (တစ်သန်း လေးသိန်း နှစ်သောင်း လေးထောင် သုံးရာကိုးဆယ့်တစ်)နှင့် အပိုတွေ့ရသည့် မဲလက်မှတ်အရေအတွက် ၄၃၈၈၅၀ (လေးသိန်း သုံးသောင်း ရှစ်ထောင် ရှစ်ရာ့ငါးဆယ်) ဖြစ်ကြောင်းတွေ့ရှိရပြီး ၎င်းမဲလက်မှတ်များသည် မဲမသမာမှုများကိုဖြစ်ပွားစေသည်ဟု စိစစ်တွေ့ရှိရကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် ဆန္ဒမဲပေးမှုအခြေအနေများကို စိစစ်ရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည့် အောက်ပါအချက်များကို တွေ့ရှိရကြောင်း−

(က) ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် NLD ပါတီခေါင်းဆောင်များဖြစ်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များက ခန့်အပ်လိုသူများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်ကို တွေ့ရှိရကြောင်း။ ။

( ခ) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ ရာတွင် ယင်းအဖွဲ့ကြောင့် လူဦးရေစာရင်း များ ပိုမိုထပ်ပြီး မဲဆန္ဒရှင်စာရင်းများ နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ပါဝင်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း။

(ဂ) အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များကို ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့ နေရာများ၌ NLD ပါတီအောင်နိုင်ရေးအဖွဲ့ ဝင်များပါဝင်၍ နေအိမ်များသို့သွားရောက်ပြီးဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း။

(ဃ) ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒ နယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင် သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေးရန် အသိပေးကြေညာချက်ကို ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည့်အတွက် မဲစာရင်း များထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက် အပြုံလိုက် မဲစာရင်းတွင် ထည့်သွင်းပြီးမဲပေးခဲ့ခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း။

(c) မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါ နိုင်ငံသား စိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သည့် မဲဆန္ဒရှင် သက်သေခံလက်မှတ် (Voter Slip) များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် ညီညွတ်မှုမရှိသည့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများကို မဲပေးခွင့်ပြုခဲ့ခြင်းကို တွေ့ရှိရကြောင်း။

(စ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် ဆန္ဒမဲလက်မှတ်များ မှာယူရိုက် နှိပ်ရာတွင် အမှန်လိုအပ်သည့်ပမာဏထက် ပိုမိုသည့် မဲလက်မှတ်စောင်ရေ ၁၃၉၃၃၁၁၂၀ ရိုက်နှိပ်ခဲ့ကြောင်း တွေ့ရှိရပြီး ထိုသို့ ရိုက်နှိပ်ရာတွင် ရွေးကောက်ပွဲကျင်းပသည့် နေ့မတိုင်မီ ၇-၁၁-၂၀၂၀ ရက်နေ့ အပါအဝင် ထပ်မံရိုက်နှိပ်မှု ခုနစ်ကြိမ်ဆောင်ရွက်ခဲ့ခြင်းကို တွေ့ရှိရကြောင်း။ ။

(ဆ) ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ ဥပဒေနှင့်အညီ UEC တံဆိပ်ပါ ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးများ သုံးရမည်ဖြစ်သော်လည်း အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံး များနှင့်စပ်လျဉ်း၍ UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များနှင့် အမှန်ခြစ်၍ ဆန္ဒပြုထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းညွှန်ကြားချက်သည် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု၊ မှန်ကန်မှုမရှိသည်ကို တွေ့ရကြောင်း။

(ဇ) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်မှာ NLD ပါတီအနေဖြင့် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုပြီး ဝင်ရောက်စွက်ဖက် မလျော်သြဇာသုံး၍ မသမာမှုများဆောင်ရွက်ခဲ့ခြင်းကို တွေ့ရှိရကြောင်း။

(ဈ) NLD ပါတီမဟုတ်သည့်တခြားနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု များကို အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်၊ တားမြစ်ချက်များကို အလွဲသုံးခြင်းဖြင့် ကန့်သတ်ထိန်းချုပ်ပြီး နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်းကို တွေ့ရကြောင်း။

(ည) ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း တရားဝင် အပ်နှင်းထား သည့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ ကြောင်း။

စစ်ဆေးတွေ့ရှိချက်

သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည့်အပြင် လွတ်လပ်၍တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည့်အတွက် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ကြေညာချက် အမှတ် (၂/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်သည့်နေရာတွင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာ မြို့နယ်တစ်ခုချင်းအလိုက် စစ်ဆေးစိစစ်ထုတ်ပြန်ခြင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုချင်းစီအလိုက် စစ်ဆေးတွေ့ရှိချက်ထုတ်ပြန်ခြင်းများ၊တိုင်းဒေသကြီး/ ပြည်နယ်များ၏ ရွေးကောက်ပွဲ ဖြစ်စဉ်အပေါ်ခြုံငုံစစ်ဆေးတွေ့ရှိချက် ထုတ်ပြန်ခြင်းများကို ကိန်းဂဏန်းအချက်အလက်များ၊ စစ်ဆေး တွေ့ရှိချက်များ၊ ခိုင်လုံသည့်သက်သေအထောက် အထားများဖြင့် အကြိမ်ကြိမ်၊ အလီလီစနစ်တကျ အတည်ပြုထုတ်ပြန်ဆောင်ရွက်ပြီးမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း။

မိမိအနေဖြင့် အထူးတင်ပြလိုသည်မှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်း ကာလများတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်းဆိုင်ရာ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့မဲပေးခြင်းဆိုင်ရာအပါအဝင် ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှုမရှိသည့်ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး တပ်မတော်က နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားကို ရှေးရှု၍ ပြည်ထောင်စု လွှတ်တော်ကသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရ ကသော်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကသော်လည်းကောင်း နည်းလမ်းရှာ၍ ဖြေရှင်းပေးရန် သဘောထားထုတ်ပြန်ခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမရှိခဲ့ခြင်း၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၉ပါတီမှ ဥက္ကဋ္ဌ / ဒုတိယဥက္ကဋ္ဌများက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအား ကျော်လွန်လုပ်ဆောင်ပြီး ဥပဒေကပေးအပ်ထားသော တာဝန်များ ပျက်ကွက်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အားအရေးယူပေးရန်နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သော်လည်း အရေးယူဆောင်ရွက်ခဲ့မှုမရှိခြင်း၊ မန္တလေးတိုင်းဒေသကြီးပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးအပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံကျော် ဖြစ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော်အထူးအစည်း အဝေးခေါ်ယူကျင်းပပေးရန်တောင်းဆိုလွှာတင်သွင်း ခြင်းကိုလည်း ကျင်းပရန်မလိုအပ်ကြောင်း ပြန်ကြား ငြင်းပယ်ခဲ့ခြင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုအရာ များကို ကြည့်မည်ဆိုလျှင်၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများအပေါ် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဆိုသည့် နည်းလမ်းများ ပျောက်ဆုံးခဲ့ရကြောင်း၊ မဲမသမာမှုများကို ဖြေရှင်းရန်မလုပ်ဘဲ မသမာမှုများရှိသည့် ရွေးကောက်ပွဲရလဒ်ဖြင့် လွှတ်တော်အတင်းခေါ်ယူ ရန် ကြိုးစားလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။

ယခု ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မှုအကြောင်းအရာများကို ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လုပ်ငန်းစဉ်(၁)ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်လိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်ရာတွင် စစ်ဆေးတွေ့ရှိချက်များအရ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဖြစ်စဉ်များအပါအဝင် စိစစ်တွေ့ရှိချက် များကိုအခြေခံပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဆိုင်ရာ၊ ရွေးကောက်ပွဲစနစ်အပါအဝင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများဆိုင်ရာ၊ နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ဆိုင်ရာများကို အသေးစိတ်လေ့လာဆန်းစစ်ပြီး မိမိ နိုင်ငံတော်နှင့် နိုင်ငံသားများကို အကျိုးဖြစ်ထွန်းရန် သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း။ ။

အချိုးကျကိုယ်စားပြုစနစ်

မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ရွေးကောက်ပွဲ စနစ်ဖြစ်သည့် အချိုးကျကိုယ်စားပြုစနစ် PR စနစ် ကျင့်သုံးနိုင်ရေးကိုလည်း နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လုပ်ငန်းစဉ် (၁) ကို ဥပဒေ နှင့်အညီ လုပ်ဆောင်ရာတွင် ဆက်လက်ဆောင်ရွက် ရန် ကျန်လုပ်ငန်းအချို့ကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းစဉ် (၅) ဖြစ်သည့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က တက်ရောက်လာကြသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များကို ခင်းကျင်း ပြသထားသည့် မဲစာရင်းလက်တွေ့ စစ်ဆေးချက်များ၊ ဖမ်းမိထားသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ အချက်အလက်များနှင့်ပတ်သက်ပြီး သံတမန်များ သိလိုသည်များကို လိုက်လံရှင်းလင်းဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)