နေပြည်တော် ဖေဖော်ဝါရီ ၁၇
ကျန်းမာရေးမှူးများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပထမဆုံးအကြိမ် သုတေသန နည်းပညာအထူးသင်တန်း (၂၀၂၀) (First training workshop on research capacity strengthening and proposal development for basic health services professionals) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီး ဌာန (ပြင်ဦးလွင်)ရှိ သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်သူ့ကျန်းမာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိုသို့ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့စေရေးတို့အတွက် အခြေခံ ကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ သုတေသနစွမ်းရည်အပါအဝင် ဘက်စုံစွမ်းရည်များ မြင့်မားတိုးတက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ လုပ်ငန်းများ အတွက် အရေးကြီးသည့် အင်အားများဖြစ်သော အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ ဖောက်ထွက်စဉ်းစားနိုင်မှု၊ ဆန်းသစ်တွေးခေါ်နိုင်မှု၊ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ ထည့်သွင်းစဉ်းစားနိုင်မှု၊ အချက်အလက်အထောက်အထားကို အခြေခံ၍ ကျိုးကြောင်း ဆီလျော်ဆုံးဖြတ်နိုင်မှုစွမ်းရည်များ တိုးတက်မြင့်မား လာစေရေးအတွက် သုတေသန လုပ်ဆောင်မှုများသည် အရေးကြီးပါကြောင်း။
ယခု သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတွင် မဟာဘွဲ့နှင့် ဒီဂရီဘွဲ့များ အသီးသီး ရရှိထားသည့် ကျန်းမာရေးမှူးများနှင့် သူနာပြုများ စုစုပေါင်း (၃၃) ဦးကို သင်တန်း ပို့ချသွား မည်ဖြစ်ပြီး နောင်သင်တန်းများတွင်လည်း မဟာဘွဲ့နှင့် ဒီဂရီဘွဲ့များ ရရှိထားသူနှင့် မရရှိသေးသူ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များအား သင်တန်းအလိုက်ခေါ်ယူ တက်ရောက်စေမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် အဖွဲ့အလိုက် သုတေသနအဆိုပြုလွှာများကို ပြုစုရေးသားစေ ခြင်း၊ အဆိုပြုလွှာများကို သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ် သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) မှ ဆန်းသုံးသပ်ပေးခြင်းတို့ အပြင် သင်တန်းမှထွက်ပေါ်လာမည့် အဆိုပြုလွှာများ အမှန်တကယ်သုတေသန ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေကိုပါ တစ်ပါတည်းချ ထားပေးမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် မြန်မာ နိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ကျန်းမာရေးမှူးများ ပါဝင်တက် ရောက်ခြင်းသည် ကောင်းမွန်ပါ ကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ပူပေါင်း၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် မဟာဗျူဟာနှင့် လုပ်ငန်းမူဘောင်များရေးဆွဲချမှတ် ဆောင်ရွက်စေလိုပါကြောင်း၊ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနတွင် ပြုလုပ်ခဲ့သော သင်တန်းများနှင့် ပတ်သက်၍ ဘက်စုံခြုံငုံသုံးသပ်မှုများပြုလုပ်ကာ ယခင်ထက်ပို မိုကောင်းမွန်စေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေး ဆောင်ရွက်သင့်သည့် သုတေသနခေါင်းစဉ်များကို စုစည်းထားသည့် (research title bank) များကို ပြုလုပ်ဆောင် ရွက်သွားစေလိုပါကြောင်း၊ ယခုသင်တန်း တက်ရောက်သူများ အနေဖြင့် သင်တန်းမှ ပို့ချချက်များကို အထူးစိတ်ဝင်စားစွာ ဖြင့် ကြိုးပမ်းသင်ယူကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် တို့က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က ဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးက အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ)) ဒေါက်တာစောစောက သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ (၁၆) ရက်မှ (၂၃) ရက်အထိ ပြုလုပ်သွား မည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးများအသင်းနှင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်သည်။
(သတင်းစဉ်)