ရန်ကုန် ဩဂုတ် ၂၈
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးတို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Handa (Yangon) Garment Co., Ltd (အားကစားဝတ်စုံချုပ်လုပ်ငန်း) သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများနှင့် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ စက်ရုံ၊ အလုပ်ရုံများကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကြီးကြပ် ကွပ်ကဲမှုများပြုလုပ်ပြီး ဖွင့်လှစ်ဆောင်ရွက် စေလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ရပါက အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်း စေနိုင်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးမှူးတို့က ဖြည့်စွက်ဆွေးနွေး သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လလယ်အထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်စေရန် အလုပ်သမား ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၄,၀၃၀)၊ အလုပ်ဌာန (၂,၃၁၈)ခု ပေါင်း (၆,၃၄၈) ဌာနကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်မှစ၍ Zoom Application အသုံးပြု၍ Online Inspection ပြုလုပ်မှုကို လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင် လျက်ရှိသော စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း (၂၀၆) ရုံကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)