နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၃၅)နှစ်အထက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြသည်။
ကြည့်ရှုအားပေး
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ယှဉ်ပြိုင်ကစားသော တတိယလုပွဲ ပွဲစဉ်အဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းမှ ငါးဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ညနေ ၃ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်း နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျနေသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားရာ ထပ်မံသရေကျသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်းက ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု ရရှိသော ဟိန်းဇေယျာကျော် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနအသင်း)၊ အကောင်းဆုံး နောက်တန်း အားကစားသမားဆုရရှိသော အေးမင်းစိုး (ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအသင်း)နှင့် အကောင်းဆုံး အလယ်တန်း အားကစားသမားဆုရရှိသော လွင်ဦး (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်း)တို့ အား ကာကွယ်ရေးဝန်ကြီးဌာန တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က လည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆုရရှိသော အောင်ကိုမင်း (ကာကွယ်ရေးဝန်ကြီးဌာနအသင်း)နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသော ကျော်သူရ (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအသင်း)တို့ အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊ စတုတ္ထဆုရရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က လည်းကောင်း၊ တတိယဆုရရှိသော ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအသင်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း၊ ဒုတိယဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် က လည်းကောင်း၊ ပထမဆုရရှိသော စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနအသင်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်