နေပြည်တော်၊ ဩဂုတ် ၂၇
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့်အလှူရှင်များက အောက်ဆီ ဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စား သောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်း များသို့ အောက်ဆီဂျင်အိုး ၈ လုံးနှင့် ဝါးခယ်မမြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံ(ခုတင်-၅၀၀)သို့ ၃၆ သိန်းကျပ်တန်ဖိုးရှိ Oxygen Concentrator ၂ လုံးနှင့် ၂၅ သိန်းကျပ်တန်ဖိုးရှိဆေးဝါးများကို လည်းကောင်း၊ မြင်းခြံခရိုင်၊ ဇဂျမ်းကျေးရွာအုပ်စု၊ ဇဂျမ်းတိုက်နယ်ဆေးရုံသို့ Oxygen Concentrator ၂ လုံးကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ် လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တောတပ်နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ် နေမှုအခြေအနေများ အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီး အတွင်းရှိ ရွှေဗျိုင်းဖြူကုမ္ပဏီမှ လှူဒါန်းသော Liquid Oxygen Tank တည်ဆောက်ပြီးစီးမှု၊ အောက်ဆီဂျင်အိုးများ ဖြည့်သွင်းနေမှုနှင့် လူနာများသို့ အောက်ဆီဂျင်ပို့လွှတ်ပေးနေမှု အခြေအနေများနှင့် အိုးဘိုတောင်ရပ်ကွက်ရှိ အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်မှု အခြေ အနေများအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သီလဝ (၂)ရပ်ကွက်နှင့် သာစည်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကြာကန်ဘုန်းကြီးကျောင်း အတွင်းတို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့်မြေနေရာများအားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက အသီးသီးသွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
