Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာ များနှင့်တွေ့ဆုံ၍ ၈/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် ၂၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၈/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

 

သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိ သူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထား ပေး သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၆)လပြည့် မိန့်ခွန်း၌ ပြောကြားခဲ့သည့် နိုင်ငံတော်အစိုးရ၏ အခြေခံနိုင်ငံရေး၊ လူမှုရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေးများရရှိမှု၊ ထိုးနှံပေးမှုများ၊ အောက်ဆီဂျင် လိုအပ်ချက်များနှင့် ပတ်သက်ပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများမှ Liquid Oxygen များ မှာယူတင်သွင်းခဲ့မှု၊ နိုင်ငံတော်ပိုင်၊ တပ်မတော်ပိုင်နှင့် ပုဂ္ဂလိက ပိုင် Oxygen Plant များမှ ဆေးရုံသုံးအောက်ဆီဂျင်များရရှိအောင် အင်ပြည့်အားပြည့် ထုတ်လုပ် ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်နေမှု၊ အထောက်အကူပြု ပစ္စည်း ဆေးပစ္စည်းများနှင့် အလှူငွေများကို မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် အလှူ ရှင်များက ပေးအပ်လှူဒါန်းမှု၊ ကူညီမှုအားလုံးအပေါ် မြန်မာနိုင်ငံတော် အစိုးရက ကျေးဇူးတင်ရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဗဟိုအဆင့် အစည်းအဝေးများ၊ အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေးများကို နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဒုတိယဝန်ကြီးချုပ် တို့ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်း၊ လက်တွေ့ကျကျစီမံခြင်း ဆောင်ရွက်နေမှု၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်း များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ် များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးနေမှု၊ ကိုဗစ်ကာလအတွင်း ပြည်သူများစားရေး အဆင်ပြေစေရန် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရွေ့လျား ဈေးကား (Mobile Market)များ ဖြင့် လိုက်လံရောင်းချပေးနေမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြု ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ကြိုးပမ်းဆောင်ရွက်နေမှု အခြေ အနေများကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ NUG ၊ PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး မဟုတ်မမှန် သတင်းများ ထုတ်လွှင့်မှု၊ ကာကွယ်ကုသ တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးမှု၊ ပြည်သူလူထု အပေါ် အမျိုးမျိုး သောသတင်းအမှား၊ အချက်အလက်အမှားများဖြင့် မှိုင်းတိုက်ပြီး အချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ နိုင်ငံတကာ အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးနေ သည့် ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံခြားသံရုံးအချို့၏ လုပ်ဆောင်ချက် အခြေအနေ၊ NLD ပါတီဝင်အစွန်းရောက်များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား လိုက်လံရန်ပြုသတ်ဖြတ်နေမှု၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအချို့ အနေဖြင့် NUG ၊ CRPH နှင့် PDF အမည်ခံအဖွဲ့ အစည်းများကို စစ်သင်တန်းပေး နေမှု၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ ပေးနေမှုနှင့် ရန်ကုန်-မန္တလေးမြို့ကြီး များအပါအဝင် မြို့နယ်အချို့၌ အကြမ်းဖက်သမားများအား  လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်တူ ဖမ်းဆီးရမိမှုများနှင့် ဖမ်းဆီးရမိသူများ၏ ဝန်ခံပြောကြားချက်များကို PowerPoint  Presentation များ၊ Video ဖိုင် များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

         

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စု နယ်မြေတို့၏ ရွေးကောက်ပွဲဆိုင်ရာ စစ် ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိမှုအခြေအနေ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ  ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့မှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Power Point  Presentation များဖြင့် ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ် များက ခင်းကျင်းပြသထားသည့် သတင်းစာ ရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်  စာရွက်စာတမ်းများ၊ အကြမ်းဖက်မှု များတွင် ပါဝင် ပတ်သက်ခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ဆက်နွယ်သူများ၏ အချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်း လက်တွေ့စစ်ဆေးချက်များကို လိုက်လံကြည့်ရှုကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးတို့က လိုက်လံရှင်း လင်း ပြသကြသည်။

 

ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

 

သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စား လှယ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင် များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန် ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက် သတင်း ရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)