နေပြည်တော် ဩဂုတ် ၂၇
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းနှင့် ဒေါ်နန်းစန္ဒာဝင်း တို့သည် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ အပြည်ပြည် ဆိုင်ရာစာတမ်းဖတ်ပွဲနှင့် ဘုတ်အဖွဲ့ဝင်များအစည်းအဝေးသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးမှ ပါဝင်တက်ရောက်သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း(AACC)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်လျက်ရှိသော ကာဇက်စတန်သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီ က “The Internet Era: The Rule of Law, the Values of Person, the State Independence” ခေါင်းစဉ်ဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ ကာဇက်စတန်နိုင်ငံ သမ္မတ Mr. Kassym-Jomart TOKAYEV အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ကာဂျစ်စတန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်းဝင်နိုင်ငံ ၁၇ နိုင်ငံ တို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး/ ကောင်စီ/ ခုံရုံးများ၏ တရားသူကြီး ချုပ်များ၊ ဥက္ကဋ္ဌ များ၊ တရားသူကြီးများ၊ ကမ္ဘာ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများညီလာခံ (World Conference on Constitutional Justice (WCCJ)) ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ဥရောပဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများအသင်းနှင့် မော်ဒိုဗာနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံး ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ဥပဒေပညာရှင်တို့ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲတွင် “ဒစ်ဂျစ်တယ်စနစ်နှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ”၊ “လူ့အခွင့်အရေးများကို အာမခံပေးခြင်းနှင့် အင်တာနက်လွတ်လပ်ခွင့်” ၊ “နိုင်ငံနှင့် နိုင်ငံ၏ အခွင့်အာဏာ” စသည့် ခေါင်းစဉ် များနှင့်စပ်လျဉ်း၍ စာတမ်းများဖတ်ကြားခဲ့ပြီး အသိအမြင်အတွေ့အကြုံဗဟုသုတများကို ဖလှယ်ခဲ့ ကြသည်။
ထို့အတူ ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင်ကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC)၏ အထွေထွေ အတွင်းရေးမှူးချုပ် များ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးလှဌေးနှင့် ညွှန်ကြားရေးမှူး ဦးညီညီလွင်တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)