Skip to main content

ရဲစခန်းအသီးသီးတွင် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းများ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာချက်အပေါ် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူများ၏ အမှုများအတွက် ဥပဒေနှင့် အညီ ပိတ်သိမ်းပေးမှု အခြေအနေထုတ်ပြန်ခြင်း

နေပြည်တော်၊ ဩဂုတ် ၂၇

ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦ များအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြစ်ဖြင့်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများ အနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေး မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကွပ်ကဲမှု အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ရန် တယ်လီဖုန်း နံပါတ်များအား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှစ၍ နေ့စဉ် သတင်းထုတ်ပြန် ကြေငြာခဲ့ပြီး ဖြစ်ပါသည်။

 

ထိုသို့ထုတ်ပြန်ကြေငြာထားရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့များထံ ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်များသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်နေကြသူ ကာယကံရှင်များ ကိုယ်တိုင်သော်လည်းကောင်း၊ ကာယကံရှင်၏ မိဘဆွေမျိုးသားချင်းများမှ တစ်ဆင့် သော်လည်းကောင်း ယုံကြည်စွာဖြင့် ဆက်သွယ်လာကြရာတွင် အသိပေးထုတ်ပြန် ကြေငြာခဲ့သည့် သြဂုတ်လ ၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျန်းမာရေးနှင့် ပညာရေးအစရှိသည့် အလွှာစုံမှ တိမ်းရှောင်နေသူ ၅၉၁ ဦး ဆက်သွယ်လာခဲ့ပါသည်။

 

အဆိုပါဆက်သွယ်လာသူ ၅၉၁ ဦးနှင့်ပတ်သက်သည့် မှုခင်းများအား တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည်တိုက်ဆိုင်စိစစ်ခဲ့ရာ ဩဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ကြေငြာချက်ပါ အမှုပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက် များနှင့်အကျုံးဝင်ပြီး ဖြေလျော့ပေးရန် ကိုက်ညီမှုရှိသည့်အတွက် ယုံကြည်စွာဖြင့် ဆက်သွယ် လာသူ ၂၀၀ ဦးတို့၏ အမှုများအား ပိတ်သိမ်းပေးပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသော အမှုများနှင့် ပတ်သက်၍ အမြန်ပိတ်သိမ်းနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

 

လာရောက်ဆက်သွယ်သူများကိုလည်း ရဲစခန်းတွင် လိုအပ်သော ရုံးလုပ်ငန်းစာရွက်စာတမ်း ပိုင်းဆိုင်ရာများကိုသာ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း များကိုသာဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်သွယ်လာသူများကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်း စစ်ဆေးခြင်းများ လုံးဝပြုလုပ်ခြင်းမရှိပါကြောင်းနှင့် စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်လျက်ရှိသည့် ကျန်ရှိသူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ စေတနာအပေါ် ယုံကြည်စိတ်ချစွာဖြင့် ထပ်မံဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။