Skip to main content

ပြည်ပသို့ရေထွက်ကုန်တင်ပို့မှု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကို ပြည့်မီရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ကြိုးပမ်းဆောင်ရွက်နေ

ရန်ကုန် ဩဂုတ် ၂၆

ပြည်ပသို့ ရေထွက်ကုန် တင်ပို့ ရာတွင် ကုန်တင်သင်္ဘောများ လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရေထွက်ကုန်တင်ပို့မှု ပုံမှန် လည်ပတ်ခဲ့ရာ ၂၀၂၀-၂၀၂၁ ကာလ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၇၁၅ ဒသမ ၃၃၇ သန်းကို ပြည့်မီရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန် များ ပြည်ပသို့ တင်ပို့ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၇၁၅ ဒသမ ၃၃၇ သန်းရရှိခဲ့ပြီး ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်ကာလတွင် ဩဂုတ် ရက်အထိ အမေရိကန်ဒေါ်လာ ၆၅၀ ဒသမ ၃၆ သန်းရရှိထားရာ ယမန်နှစ် ဘဏ္ဍာနှစ်ကိုပြည့်မီရန် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၅၀၁ သန်း လိုအပ်သောကြောင့် ရေချို/ရေငန် ရေထွက်ကုန်ပစ္စည်း များ အရှိန်မပျက်လည်ပတ်မှုဖြင့် ယခင်ဘဏ္ဍာနှစ်ကို ပြည့်မီရန် ဆောင်ရွက်လျက်ရှိသည်။

ပထမရေထွက်ကုန် တင်ပို့မှုမှာ ကွန်တိန်နာသင်္ဘော အခက်အခဲရှိလာတော့ နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်မှုနဲ့ OSS  ကို တင်လိုက်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရဲ့ ဆောင်ရွက်ပေးမှုနဲ့ ဇွန်လပိုင်းကစပြီး ကွန်တိန်နာ သင်္ဘောတွေ အဆင်ပြေလာတယ်။ ပြီးတော့ ငါးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံတော်က ထိုးနှံပေးမယ်ဆိုတော့ ရေထွက် ကုန် ဝယ်လက်နိုင်ငံတွေလည်း ကျန်းမာရေးအတွက် စိတ်ချမှုရှိလာတယ်။ တိုင်းပြည်မှာ စီးပွား ရေးလုပ်ငန်းတွေ ရပ်မသွားဖို့ အရေးကြီးတယ်။ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍအပါအဝင် သက်ဆိုင်ရာကဏ္ဍတွေ တာဝန်ကျေဖို့လိုမယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ လုပ်ငန်း  ပုံမှန်လည်ပတ်ဖို့ ခံယူထားပါတယ်။ ပုံမှန်နီးနီးလည်း လည်ပတ်နေပါပြီ။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကို ပြည့်မီအောင် ဒီနှစ်ဘဏ္ဍာနှစ်မှာ ကျန်တဲ့နှစ်လ တာနီးပါးအတွင်း ကြိုးပမ်း ဆောင်ရွက်နေပါတယ်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင် က ပြောသည်။

ရေထွက်ကုန် ၁၇၅ မျိုးတွင် ဈေးကွက်ဝင်ရေထွက်ကုန်များကို နိုင်ငံမျိုးစုံသို့ တင်ပို့လျက်ရှိပြီး ရေချို၊ ရေငန်ထွက်ကုန်ဖြစ်သော ငါး၊ ပုစွန်၊ ငါးရှဉ့်၊ ကဏန်းကို အဓိကထား တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံမှပြည်ပသို့ ရေထွက် ကုန်တင်ပို့ရာတွင် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၆၅၀ ဒသမ ၈၃၆ သန်း ရရှိခဲ့ပြီး တစ်လလျှင် ပျမ်းမျှဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၆၅ သန်း ရရှိခဲ့သောကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလ၌ကျန်ရှိသော တစ်လ နှင့် သုံးပတ်အတွင်း ယခင်နှစ် ဝင်ငွေကိုပြည့်မီရန် မြန်မာနိုင်ငံ  ငါးလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့်ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရသည်။

ညိမ်းသူ( သတင်းစဉ်)

ဓာတ်ပုံ-ကနူး