Skip to main content

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော် ဩဂုတ် ၂၆

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၅ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ် နမ့်ဖာဟော်တံတားမှ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၄၃ ဦးနှင့် မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ် ရန်လုံကျိုင်းတံတားမှ အမျိုးသားသုံးဦး၊ အမျိုး သမီးတစ်ဦး စုစုပေါင်း လေးဦးတို့ကို အသီးသီး လက်ခံခဲ့သည်။

ကူညီဆောင်ရွက်

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန် ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။

လိုက်လံပို့ဆောင်

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများကို သက်ဆိုင်ရာ  နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့်  ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်