နေပြည်တော် ဩဂုတ် ၂၆
တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ္တရာမြို့နယ်၊ ရေနံ့သာငါးလုပ်ငန်းစခန်းသို့ သွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံသို့ သွားရောက်၍ ဆည်အတွင်း ရေသိုလှောင်ထားရှိမှု၊ တမံနှင့် ရေထိန်းတံခါးများ ကြံ့ခိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်