Skip to main content

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဦးဆောင်ရေးဆွဲသည့် မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့စေရေး စီမံချက် အပြီးသတ်ဆွေးနွေးညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ သြဂုတ်လ ၂၅

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဦးဆောင်ရေးဆွဲခဲ့သော မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့စေရေး စီမံချက် (Myanmar Economic Recovery Plan- MERP)  အပြီးသတ်ညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယခုရေးဆွဲထားသည့် မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်သည် ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့သော နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့စေရေးအတွက် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ စီးပွားရေးဦး တည်ချက်များနှင့်အညီ မိမိနိုင်ငံ၏ ပကတိ လိုအပ်ချက်များအပေါ် အခြေခံကာ  ကမ္ဘာ့ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ အာဆီယံ ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်၊ မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်၏ ဂျီအမ်အက်စ် ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက် (၂၀၂၀-၂၀၂၃) တို့နှင့်အညီ  ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရန်အချက်များကို ပြုစုရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ စီမံချက်သည် လုပ်ငန်းအစီ အစဉ်  ၁၀ ခု၊ မျှော်မှန်းချက် ၂၇ ခု၊ လုပ်ငန်းစဉ် ၄၀၇ ခုတို့ဖြင့် ရေးဆွဲထားသည့် Framework တစ်ခုသာဖြစ်ကြောင်း၊ စီမံချက်တွင်ပါရှိသည့် လုပ်ငန်းအစီအစဉ်များနှင့် လုပ်ငန်းစဉ် များကို အခြေအနေပေါ်မူတည်၍ ပြောင်းလဲဆောင်ရွက်သွားရန် စီမံထားရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်မည့် ဝန်ကြီးဌာန အဖွဲ့အစည်းများ အနေနှင့် အပြောင်းအလဲများ ရှိပါက   ပြန်လည်ပြင်ဆင်ဆောင်ရွက် နိုင်ပါကြောင်း၊ လုပ်ငန်းစဉ်များသည် ကာလတိုနှင့် ကာလ လတ် စီမံချက်များဖြစ် သော်လည်း အချို့သော လုပ်ငန်းစဉ်များမှာမူ ကာလရှည် အမျိုးသား အဆင့် စီမံကိန်းနှင့် ချိတ်ဆက်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ      စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်ကို အကောင်အထည် ဖော်ဆောင်ရာတွင် ဦးဆောင်မည့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုပါ ဝန်ကြီး ဌာန၏ လိုအပ်ချက်အရ ဆက်စပ်ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည့် အခြားသော ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့် လိုအပ်သလို ပေါင်းစပ်ဖွဲ့စည်း အကောင်အထည် ဖော်ဆောင်ရန် ဖြစ်ပါ ကြောင်း၊ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် မျှော်မှန်းထားသည့် ရလဒ်များ ပြည့်မီမှု အခြေအနေကို သိရှိနိုင်ရန် သက်ဆိုင်ရာ ကဏ္ဍအသီးသီးအတွက် ညွှန်ကိန်းများ (Key Performance Indicator-KPI) သတ်မှတ်၍ အကောင်အထည်ဖော်မှုအပေါ် ဆန်းစစ် အကဲဖြတ်ခြင်း (Monitoring and Evaluation) များ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ညွှန်ကိန်းများ သတ်မှတ်ဆောင်ရွက်ရေးကိုလည်း သက်ဆိုင်ရာ အကောင် အထည်ဖော်ဆောင်မည့် ဝန်ကြီးဌာနများနှင့် ဆက်လက် တိုင်ပင်၍ ထုတ်ပြန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက် သွယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က စီမံချက်ပါ လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသူများ က စီမံချက် မူကြမ်းအပေါ် ဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးကာ စီမံချက် အား ဆက်လက် အတည်ပြုရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ ကြကြောင်း သိရသည်။

 

 (သတင်းစဉ်)