Skip to main content

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား CDF အကြမ်းဖက်သောင်းကျန်းသူများက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ လက်နက်ငယ်အချို့နှင့် ဘဏ်အတွင်းရှိ ငွေများအား လုယက်ယူဆောင်သွား

တီးတိန်  ဩဂုတ်  ၂၅

 

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား CDF အကြမ်းဖက်သောင်းကျန်းသူများက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကာ ၎င်းတို့ကိုင်ဆောင်သော လက်နက်ငယ်အချို့နှင့် ဘဏ်အတွင်းရှိ ငွေများအား လုယက်ယူဆောင်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့တွင် တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဘဏ်လုံခြုံရေးဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် CDF အကြမ်းဖက်သောင်းကျန်းသူများက ဘဏ်တွင် ငွေလာရောက်ထုတ်ယူသည့် သာမန် ငွေထုတ်သူအသွင်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနီး ချဉ်းကပ်ကာ ပစ္စတိုသေနတ် များဖြင့် အလစ်အငိုက်အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးသည် ကျည်ထိမှန်ကာ အခင်းဖြစ်နေရာတွင် ကျဆုံးခဲ့ကြောင်း သိရသည်။

 

ထို့နောက် အကြမ်းဖက်သောင်းကျန်းသူများသည် သေနတ်များပစ်ဖောက် အသံပေး ခြောက်လှန့်၍ ဘဏ်အတွင်း သို့ ဝင်ရောက်ပြီး ဘဏ်အတွင်းရှိရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ကွန်ပျူတာနှင့် CCTV များအား သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးကာ ဘဏ်ငွေထုတ်ကောင်တာကို အများပြည်သူများနှင့် ပင်စင်စား မိဘပြည်သူများအား ငွေထုတ်ပေးရန် အသင့်ပြင်ဆင်ထားရှိသည့် နိုင်ငံတော်ပိုင်ငွေကျပ် ၃၈၈ သိန်းကျော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်ငယ် အချို့အားလုယက်ယူဆောင်ကာ ဘဏ်အတွင်းမှ ပြန်လည်ထွက်ပြေး သွားသည်။

 

ထိုကဲ့သို့ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ကာ ဘဏ်အတွင်းရှိ နိုင်ငံတော်ပိုင်ငွေများအား လုယက်ယူဆောင်သွားသည့် CDF အကြမ်းဖက် သောင်းကျန်းသူများအား ဖမ်းဆီးရမိနိုင်ရေး လိုအပ်သောပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။