Skip to main content

မိုင်းထောင်ဖောက်ခွဲ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ခဲ့သူများအား လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၂၉) ရပ်ကွက်၌ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၄

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၃ ရက်တွင် သတင်းအရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၂၉)ရပ်ကွက်ရှိ “ကိုကိုညီညီ” ငါးကင်ဆိုင်သို့ လုံခြုံရေးပူးပေါင်း အဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ နေလင်းအပါအဝင် စိုးအောင်၊ ပြည့်စုံအောင်နှင့် ဟိန်းမင်းမင်းထက်တို့ လေးဦးကို ပစ္စတိုတစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း နှစ်လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ နေလင်း၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၂၈) ရပ်ကွက် တိုက်အမှတ် ၁၂၆ သို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ် LAir Gun ရှစ်လက်၊ လက်လုပ်မိုင်း -မျိုးစုံ ၅၂ လုံး၊ မီးခိုးဗုံး ၄၆ လုံး၊ -လက်လုပ်ပဒေသာမိုင်း ၁၁ လုံးပါ -တစ်တွဲနှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် အခြားဆက်စပ် ပစ္စည်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထပ်မံဖမ်းဆီးရမိ

ထို့ပြင် ဩဂုတ် ၁၄ ရက် တွင် ဖြစ်စဉ်နှင့် ဆက်စပ်သူများ ဖြစ်သည့် ထက်အောင်ခန့်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၇)ရပ်ကွက် အမှတ် ၇၃၁ ၌ လည်းကောင်း၊ အာကာအောင်(ခ) အာကာကို (၃၅)ရပ်ကွက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအနီး၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ပူးပေါင်းပါဝင်ကျူးလွန်

ဖမ်းဆီးရမိသူ ထက်အောင် ခန့်၏ ထွက်ဆိုချက်အရ ဇွန်လ ၂၇ ရက်တွင် ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ခဲ့သူ Lion (ဖမ်းဆီးရန်ကျန်)ထံသို့ ပစ်ခတ်ရန် သေနတ်အား NUG အဖွဲ့ဝင် ချစ်ထွေး (ခ) အီသန် (ဖမ်းဆီးရန်ကျန်)ထံမှ ချိတ်ဆက် ရယူပေးခဲ့ရာတွင် ၎င်းအနေဖြင့် ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း) နှင့် (တောင်ပိုင်း) မြို့နယ်များ အတွင်း ဖောက်ခွဲမှုငါးကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ဇွန်လ ၁၉ ရက်တွင် (၄၇)ရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့ ခြံစည်းရိုးတွင် လက်လုပ်ဗုံး တစ်လုံးကို လည်းကောင်း၊ ဇူလိုင်လ ၆ ရက်တွင် (၄၀)ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်ရှိ အမှိုက်ပုံးတွင် လက်လုပ်ချိန်ကိုက်ဗုံး တစ်လုံးကို လည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် (၃၇)ရပ်ကွက် ပြည်ထောင်စု လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၌ လက်လုပ်ဗုံး တစ်လုံးကိုလည်းကောင်း၊ ဩဂုတ် ၅ ရက်တွင် (၃၅)ရပ်ကွက်ရှိ “မြိုင်မဟာ” လက်ဖက်ရည်ဆိုင်၌ လက်လုပ်ဗုံး တစ်လုံးကို လည်းကောင်း၊ ဩဂုတ် ၈ ရက်တွင် (၅၅)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဧရာဝဏ် လမ်းထောင့်၌ ဆိုင်ကယ် တူးဘောက်အတွင်း လက်လုပ်ဗုံး တစ်လုံးကို တပ်ဆင်၍လည်းကောင်း ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သတင်းပေးတိုင်ကြားပါရန်

ထိုသို့ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် လုပ်ကြံ သတ်ဖြတ်ရန် လက်နက်ထုတ်ပေး ခဲ့သည့် NUG အဖွဲ့ဝင် ချစ်ထွေး(ခ) အီသန်၊ အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် Lion နှင့် အခြားဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားကြရန်နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်းစဉ်