နေပြည်တော် ဩဂုတ် ၂၄
တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားရေး ဆောင်ရွက်နေသူ ရာဇသတ်ကြီး ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားပြီး ထွက်ပြေးတိမ်းရှောင်လျက် ရှိသော မိုးညှင်းမြို့နယ် NLD ပါတီဝင် သက်ထားနှောင်း(ခ)သက်သူဇာခိုင်ကို ဩဂုတ် ၄ရက်တွင် မိုးညှင်း မြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက် အိမ်အမှတ်(၁၄)ရှိ သစ္စာရှင်အထည်ဆိုင်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ သက်ထားနှောင်း၏ ထွက်ဆိုချက်အရ KIA သောင်းကျန်းသူအဖွဲ့ထံသို့ ဆန်နှင့် စားသောက်ကုန်များ ပို့ဆောင်ပေးသူများဖြစ်သည့် KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ တူးမိုင်နှင့် သန်းကြိုင်တို့နှစ်ဦးကို ဩဂုတ်လ ၁၄ ရက်တွင် ဟိုပင်မြို့ နတ်ကြီး ကုန်းရပ်ကွက်ရှိ သန်းကြိုင်၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
အကြမ်းဖက်သင်တန်းဖွင့်ရန်ဆောင်ရွက်
သက်ထားနှောင်း၏ ထွက်ဆိုချက်အရ ၎င်းသည် ပူတာအို မြို့နယ် NLD ပါတီဝင် ဒိန်ခန်ဖုန် (ခ)ခန်လင်နှင့်အတူ တရားမဝင် အဖွဲ့အစည်းဖြစ်သည့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီ (Committee Representing of Kachin State Hluttaw-CRKH) အဖွဲ့ကို ဖေဖော်ဝါရီလ ၈ ရက်တွင် အဖွဲ့ဝင် ၂၁ ဦးဖြင့် လည်းကောင်း၊ မိုးညှင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကို မတ်လ ၄ ရက်တွင် အဖွဲ့ဝင် ၂၇ ဦးဖြင့် လည်းကောင်း၊ မိုးညှင်း မြို့နယ်အတွင်းရှိ PDF အကြမ်း ဖက်အဖွဲ့များအား ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် KIA တပ်မဟာ (၈) ထောက်ပံ့ရေးအဖွဲ့ (TMH-8 Support Team) အဖွဲ့ကို အဖွဲ့ဝင် ၁၀ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH တို့၏ ပံ့ပိုး ကူညီမှုဖြင့် KIA သောင်းကျန်းသူ နယ်မြေအတွင်း အကြမ်းဖက် သင်တန်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း။
ချိတ်ဆက်ဆောင်ရွက်
သက်ထားနှောင်းသည် KIA သောင်းကျန်းသူအဖွဲ့ နယ်မြေအတွင်းရှိ PDF အဖွဲ့များ သင်တန်း တက်ရောက်နိုင်ရန်နှင့် အကြမ်း ဖက်လုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန် လိုအပ်သော ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ချိတ်ဆက်ဝယ်ယူ ပို့ဆောင်ခြင်းအား အဓိကတာဝန်ယူဆောင်ရွက် ခဲ့ပြီး လိုအပ်သော ငွေကြေး ထောက်ပံ့မှုအား NLD ပါတီဝင်များ ဖြစ်သည့် အကြမ်းဖက်အဖွဲ့ အစည်း CRPH အဖွဲ့ဝင်၊ ဖြူဖြူသင်း (၂၀၁၂ ခုနှစ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ NUG အဖွဲ့ဝင်၊ ရွှေပုံ(၂၀၁၅ ခုနှစ်၊ ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ တင်အေး (၂၀၁၅ ခုနှစ်၊ မိုးညှင်းမြို့နယ်၊ အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ မင်းဆွေ နိုင် (၂၀၁၅ ခုနှစ်၊ မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၆) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ ကျော်စွာဝင်း (ကသာ မြို့နယ် NLD ပါတီဝင်)၊ ဝင်းဇော် (၂၀၁၅ ခုနှစ်၊ ကသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၇) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ မျိုးကျော် (မိုးညှင်း မြို့နယ် NLD ပါတီဝင်)၊ ခင်နှင်းထွေး (မိုးညှင်းမြို့နယ် NLD ပါတီဝင်)၊ ခင်မကြီး (၂၀၁၅ ခုနှစ် မဲဆန္ဒနယ် အမှတ်(၈) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ မိုးညှင်းမြို့နေ ကျော်ခိုင် ဝင်း၊ ဝေယံနှင့် ဟိုပင်မြို့နေ မချို တို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း။
အကြမ်းဖက်ဆောင်ရွက်ရန်
သက်ထားနှောင်းသည် ဇူလိုင် လ ၂၅ ရက်တွင် NLD ပါတီမှ ဝင်းနိုင် (၂၀၁၅ ခုနှစ်၊ မိုးကောင်း မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)နှင့် ဖြူဖြူ သင်း အပါအဝင် NLD ကိုယ်စား လှယ်များနှင့် တရားမဝင်ဖွဲ့စည်း ထားသော ကချင်အမျိုးသား နိုင်ငံရေး ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ (Kachin Political Interim Coordination Team-KPICT) တို့ဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Zoom Meeting ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် ဇွန်လ ၂၉ ရက်တွင် Signal Application မှတစ်ဆင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် များအလိုက် တရားမဝင်ဖွဲ့စည်းထားသည့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေး အဖွဲ့(ပလဖ)၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)တို့၏လက်ရှိဆောင် ရွက်နေမှုအခြေအနေ၊ မြို့နယ် အလိုက် တပ်မတော်၏ ထိန်းချုပ်ထားရှိမှု၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် မြို့နယ်အလိုက် PDF အဖွဲ့များ ဖွဲ့စည်းထားမှု၊ နယ်မြေအလိုက် KIA သောင်းကျန်းသူအဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားမှုနှင့် ပတ်သက် သည့်အချက်များကို NUG အဖွဲ့ ထံသို့ ပေးပို့ဖြန့်ဝေခဲ့ကြောင်း။
ရိက္ခာသယ်ယူရေး ဖမ်းဆီးရမိသူ တူးမိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် KIA သောင်းကျန်းသူအဖွဲ့မှ တပ်မဟာ (၈) ဒုတပ်မဟာမှူး အဆင့်ရှိ အောင်ဂျာ၏ စေခိုင်းချက်အရ ဟိုပင်နှင့် မိုးညှင်းမြို့နယ်များရှိ NLD ပါတီဝင်များနှင့် ချိတ်ဆက်၍ သင်တန်း တက်ရောက်နေသည့် PDF အဖွဲ့များအတွက် ရိက္ခာ သယ်ယူ ပို့ဆောင်ရေးတာဝန်ကို ဆောင်ရွက်လျက်ရှိသည့်အပြင် KIA သောင်းကျန်းသူနယ်မြေအတွင်းသို့ အကြမ်းဖက်သင်တန်း တက်ရောက်မည့် အစွန်းရောက် လူငယ်များကို ပို့ဆောင်ပေးရကြောင်း။
ဖမ်းဆီးရမိသူ သန်းကြိုင်၏ ထွက်ဆို ချက်အရ PDF သင်တန်းတက်ရောက် နေသူများနှင့် KIA သောင်းကျန်းသူအဖွဲ့ အတွက် ရိက္ခာသယ်ယူပို့ဆောင်ရာတွင် တူးမိုင်နှင့် အတူဆောင်ရွက်ရပြီး ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက် အောင်နန်းရပ်ရှိ ဌေးလွင်၏ ဆန်စက်တွင် KIA သောင်းကျန်း သူအဖွဲ့ထံသို့ ပေးပို့မည့်ဆန်အိတ်များ ဝယ်ယူသိုလှောင်ထားကြောင်း ဖော်ထုတ် ရရှိသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဆန်အိတ် ၄၀၀ ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် တူးမိုင်၏ထွက်ဆိုချက်အရ KIA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဩဂုတ်လ မှစတင်၍ သင်တန်းဆင်းလူငယ်များကို နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းမပြုဘဲ KIA သောင်းကျန်းသူအဖွဲ့၏ လက်အောက်စခန်းများတွင် ဖြန့်ခွဲထားရှိကြောင်းနှင့် ၎င်းတို့အား KIA သောင်းကျန်းသူအဖွဲ့နှင့် ပူးပေါင်း၍ မြို့/ရွာများကို ဖောက်ခွဲဖျက်ဆီး ခိုင်းထားကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော CRPH၊ NUG နှင့် KIA သောင်းကျန်းသူအဖွဲ့တို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ထိခိုက်ပျက်ပြားစေရန်နှင့် အပြစ်မဲ့ ပြည်သူများ၏ အကျိုးစီးပွားများအား ပျက်စီးစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိသည်ကိုတွေ့ရှိရသဖြင့် အဆိုပါ အကြမ်းဖက် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်