နေပြည်တော် ဩဂုတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Oxygen Concentrator အလုံး(၁၄၀)သည် ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လှူဒါန်းပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီပေးခြင်းသည် အပြန်အလှန် ဖေးမကူညီသည့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အဓိပ္ပါယ်ဖွင့်ဆိုလျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံအားပေး၍ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ကပ်ရောဂါ တိုက်ဖျက်ရေး တိုက်ပွဲအတွင်း၌ စာမျက်နှာသစ် ဆက်လက်ရေးသားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထောက်ပံ့လျက် ရှိပြီး ယူနန်ပြည်နယ် တရုတ်-မြန်မာ အထူးလမ်းကြောင်းမှ အောက်ဆီဂျင်အရည် စသည့်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ဆောင်နိုင်ရေး ကူညီပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များကလည်း လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်း၊ နားမကြားသော ကလေးများကျောင်း၊ ကလေးဆေးရုံ စသည့် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးသို ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် စားသောက်ကုန်များ လှူဒါန်းပေးလျက်ရှိပြီး နှစ်နိုင်ငံ ကပ်ရောဂါ ပူးတွဲကာကွယ် ထိန်းချုပ်ရေးကို အားဖြည့်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံနယ်ပယ်အသီးသီး၏ အတူတကွကြိုးပမ်းမှုကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုတွင် အကျိုးထိရောက်မှုရှိသည်ကို တွေ့ရှိရပါကြောင်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆက်လက်အကူအညီပေးအပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကပ်ရောဂါကို ဆောလျင်စွာ သေချာပေါက် အနိုင်ယူနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ထိန်းချုပ်ကာကွယ်ရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ အဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနီးကပ် ဦးစီးပြီး ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ ကြိုးပမ်း အားထုတ်မှုနှင့် သက်ဆိုင်ရာ ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု ပြည်သူလူထုနှင့် စေတနာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ပြီပါကြောင်း၊ ယခုကဲ့သို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်တကွ ဆေးနှင့် ဆေးပစ္စည်းများ၊ Oxygen Concentrator အစရှိသော ထောက်ပံ့မှုများ၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အတွေ့အကြုံများ ဝေမျှခြင်း အစရှိသည်တို့ကို ကြည့်ခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးခိုင်မြဲစွာ တည်ရှိလျက်ရှိကြောင်း တွေ့မြင်နိုင်ပြီး မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် များစွာအထောက် အကူပြုပြီး မြန်မာပြည်သူလူထု၏ အသက်ပေါင်း များစွာကို ကယ်တင်ပေးနိုင်ပါကြောင်း။
ယခုလှူဒါန်းသည့် Oxygen Concentrator အလုံး(၁၄၀)အပါအဝင် ဆေးပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများအတွက် တိုက်ရိုက်ရောက်ရှိအောင် အမြန်ဆုံးပို့ဆောင် ပေးပြီး အကျိုးရှိစွာ အပြည့်အဝ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အဓိကလိုအပ်သော CDC (Center for Disease Control) ကို နေပြည်တော်တွင် တည်ဆောက်နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့်အတွက် အကျိုးရှိပြီး ကျေးဇူးတင်ရှိပါ ကြောင်း၊ ကပ်ရောဂါထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)