ရန်ကုန် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့ကို ဝန်ထမ်းမိသားစုများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်စေရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်နိုင်ရန် လိုက်လံကြည့်ရှုကြပ်မတ် စစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အဆိုပါဝင်းအတွင်းရှိ ဘောလုံးအားကစားကွင်း၌ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနမှ ဆောင်ရွက်နေသော မြက်နှင့် သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်းကို လည်းကောင်း၊ နှင်းဆီလမ်းနှင့် ကံဘဲ့ဘူတာရုံလမ်းတစ်လျှောက် ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုနှင့် ဆည်းမြောင်းချောင်းအတွင်း Excavator ယာဉ်ဖြင့် အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ ရန်ကင်းမြို့နယ် အတွင်းရှိ Fire Hydrant မီးသတ်ရေငုတ် (၂၆)ခုကို ကောင်းမွန်စွာ အသုံးပြုနိုင်ရေးနှင့် ကံဘဲ့ဘူတာဈေးတာဝန်ခံရုံး တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း (မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား) ရေမြောင်း အတွင်း အမှိုက်နှင့် မြောင်းချေးများ စုပေါင်းဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ၁၂ ထပ်ခွဲရုံး ရုံးဝင်းအတွင်း Basement ပါ (၁၆)ထပ် ရုံးအဆောက်အဦ ဆောက်လုပ်နေမှုကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး Sinovas Vaccing ထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ Social Distancing ဖြင့် စနစ်တကျ စောင့်ဆိုင်းခြင်း၊ မှတ်ပုံတင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို လိုက်လံကြည့်ရှု အားပေးသည်။ ယနေ့တွင် အင်ဂျင်နီယာဌာန (ရေပေးဝေရေးနှင့် သန့်ရှင်းမှု)၊ ရေဆိုးစီမံခန့်ခွဲမှုဌာနခွဲမှ ဝန်ထမ်း (၈၉)ဦးကို ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)