Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ တင်သွင်း နိုင်ရေး အတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၂၃

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်း ငါးခုတို့မှ တင်သွင်းရာတွင် ကုမ္ပဏီ ၂၃ ခုမှ ယာဉ်စီးရေ ၃၉ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် ငါးတန်၊ အောက်ဆီဂျင် (အိုးခွံ) ၄၉၆၇ ခု၊ အောက်ဆီဂျင် Plant နှစ်ခု၊ Oxygen | Generator နှစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၁၅၆ ခု၊ တစ်ကိုယ်ရေ သုံးကာကွယ်ရေးဝတ်စုံ ၁၁၃၄၀၊ လက်အိတ်နှင့် နှာခေါင်းစည်းများ တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့ သို့ဖြစ်ပြီး အောက်ဆီဂျင် ထုတ်သည့်စက်နှစ်ခုမှာ နေပြည်တော်နှင့် ရန်ကုန်မြို့သို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် www. commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

သတင်းစဉ်