နေပြည်တော် ဩဂုတ် ၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Gems Trading Center သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ရွှေကြာပင် ကျောက်မျက်ရတနာအချောထည်ဈေး တည်ဆောက်မှု၊ Gems Trading Center လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျောက်မျက် ရတနာများကို အချောထည်ပြုလုပ်ပြီးနောက် ပြည်ပသို့ တင်ပို့ရောင်းချရန် နေပြည်တော်တွင် One Stop Service, OSS ဝန်ဆောင်မှုပေးအပ် နိုင်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် နေပြည်တော်၊ ရွှေကြာပင်ရှိ ကျောက်စိမ်းအချောထည်များ ထုတ်လုပ်နေသည့် ကျောက်မျက်ရတနာကုမ္ပဏီ၏ အလုပ်ရုံ၌ ကျောက်စိမ်းအရိုင်းများကို ဖြတ်တောက်ခြင်း၊ ဒီဇိုင်း ထုတ်လုပ်ခြင်း၊ ကွန်ပျူတာဖြင့် အသေးစိတ် ဒီဇိုင်းပုံဖော်ခြင်း၊ လက်ကောက်များ၊ လက်စွပ်များနှင့် ပုတီးစေ့များကို အကြမ်းထည်မှအရောင်တင် အချောထည် ထုတ်လုပ်ရရှိသည်အထိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုခဲ့ပြီး နိုင်ငံပိုင် ကျောက်စိမ်းများထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသော ကျောက်စိမ်းအချောထည် လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)