နေပြည်တော် ဩဂုတ် ၁၆
တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာ များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
အောက်ဆီဂျင်အိုးများ လှူဒါန်း
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် ၂၀ လုံး ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တက္ကသိုလ်(၁၀)မြို့နယ် ကိုဗစ်စင်တာသို့ PPE ဝတ်စုံ ၅၀ စုံ၊ Mask ၁၀ ဖာ၊ Surgical Gloves ၅၀ ခု၊ အောက်ဆီဂျင်အိုး ၅ လုံးနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကံပေါက် တပ်မတော်ဆေးရုံများသို့ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေ ရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ သံမဏိစက်ရုံရှိ အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင်အိုးများအနက် ပြင်ဦးလွင် မြို့ရှိ တပ်မတော်ဆေးရုံသို့ ၈၀ လုံး၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံသို့ ၆၀ လုံး၊ ပြင်ဦးလွင် အခမဲ့နာရေးကူညီမှုအသင်းသို့ ၁၀ လုံး၊ ပုလဲပရဟိတအသင်းသို့ ၁၀ လုံး၊ မန္တလေးတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ၅၀ လုံး၊ ဗြဟ္မစိုလူမှုကူညီရေးအသင်းသို့ ၅ လုံး၊ ရေဦးပြည်သူ့ဆေးရုံသို့ ၁၀ လုံး၊ ဝမ်းတွင်းပြည်သူ့ဆေးရုံသို့ ၁၅ လုံး၊ နောင်ချိုပြည်သူ့ဆေးရုံသို့ ၁၀ လုံးနှင့် ကျောက်ပန်းတောင်းမြို့ သုဂတိရှင်နာရေး ကူညီမှုအသင်း အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင်အိုး ၂၀ လုံးကို ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံသို့ လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီး သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ်၊ ဈေးကုန်းဘုန်းတော်ကြီးကျောင်း တိုက်အတွင်းရှိ ပျဉ်းမနားမြို့ပိုင် အောက်ဆီဂျင် စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှု များကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တက္ကသိုလ်(၁၀)မြို့နယ် ကိုဗစ်ကုသရေးစင်တာရှိ ဘားအံဆောင်၌ ကိုဗစ်-၁၉ လူနာများအား လွယ်ကူ လျင်မြန်စွာ ကျန်းမာရေးစစ်ဆေးနိုင်ရန်အတွက် ရွေ့လျားကွန်ပျူတာသုံး ဓာတ်မှန်ရိုက် စက် တပ်ဆင်အသုံးပြုမှု အခြေအနေများကို လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် တပ်မတော်မှ လှူဒါန်းသည့် Oxygen Plant စက်မှ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူး နေမှုအခြေအနေနှင့် ချင်းပြည်နယ် အရေးပေါ်ရန်ပုံငွေမှ ဝယ်ယူသည့် Oxygen Plant ထားရှိမည့်နေရာ အဆောက်အဦဆောက်လုပ်မှုကို လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ ခရိုင်ပြည်သူ့ဆေးရုံ၌ Oxygen Plant စက်ရုံအဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ဆက်စပ်ပစ္စည်းများ စတင်တပ်ဆင်မှု အခြေအနေများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ တပ်မတော်ဆေးရုံတွင် Oxygen Plant စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများနှင့် ထပ်မံတည်ဆောက်မည့်နေရာ၌ စက်ပစ္စည်းများ သယ်ဆောင်နေမှုများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများနှင့် တိုင်းမှူးများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်