Skip to main content

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း ဖီဂျီသမ္မတနိုင်ငံ

 

နိဒါန်း

 

ဖီဂျီသမ္မတနိုင်ငံသည် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း မီလန်နီးရှားဒေသတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖီဂျီသမ္မတနိုင်ငံသည် ၁၈၂၇၄ စတုရန်းကီလိုမီတာ အကျယ်အဝန်း ရှိပါသည်။ ကျွန်းစုပေါင်း ၃၀၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၁၀ တွင် အမြဲတမ်း လူနေထိုင်ကြသည်။ အဓိကကျွန်း နှစ်ခုဖြစ်သော ဗီတီလီဗူးနှင့် ဗန္ဒာလီဗူးတွင် လူဦး ရေစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကျော် နေထိုင်ကြသည်။ မြို့တော်မှာ ဗီတီလီဗူးကျွန်းတွင် တည်ရှိသော ဆူးဗားမြို့ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးကောက်ယူရရှိသည့် အချက်အလက် များအပေါ် အခြေခံတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏လူဦးရေမှာ ကိုးသိန်းကျော်ခန့်ရှိသည်။ အနီးဆုံး အိမ်နီးချင်းနိုင်ငံများမှာ အနောက်ဘက်တွင် ဗနွားတူနိုင်ငံ၊ အနောက် တောင်ဘက်တွင် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဘက်တွင် နယူးဇီလန်၏ ကာမာဒက် ကျွန်းများ၊ အရှေ့ဘက်တွင် တုံဂါနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဆမိုးအားနိုင်ငံ၊ ပြင်သစ်၏ ဝေါလစ်နှင့် ဖူကျူးနား၊ မြောက်ဘက်တွင် တူဗားလူနိုင်ငံတို့ ဖြစ်ကြသည်။

 

 

၁၉၇၀ ပြည့်နှစ်တွင် လွတ်လပ်ရေးရရှိခဲ့

 

ဗြိတိသျှလက်အောက်မှ ဓနသဟာယနိုင်ငံ အနေဖြင့် ၁၉၇၀ ပြည့်နှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး သမ္မတနိုင်ငံအဖြစ် ၁၉၈၇ ခုနှစ်တွင် ကြေညာခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် စစ်တပ်မှ လေးကြိမ်အာဏာသိမ်းခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၂၀၀၆ ခုနှစ်တွင် ဖြစ်သည်။ ဖီဂျီနိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ပါလီမန်ကိုယ်စားပြု ဒီမိုကရေစီစနစ် အပေါ်တွင် အခြေခံသော သမ္မတနိုင်ငံ စနစ်ဖြစ်ပြီး သမ္မတကို ပါလီမန်က တင်မြှောက်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်သည့်အပြင် တပ်မတော်၏ ခေါင်းဆောင်လည်း ဖြစ်သည်။ သမ္မတသည် ပါလီမန်မှတင်ပြလာသည့် ဥပဒေမူကြမ်းများကို ခွင့်ပြုပေးနိုင်သလို ပယ်ဖျက်ပိုင်ခွင့် ရှိသည်။ သမ္မတ၏ သက်တမ်းမှာ သုံးနှစ်ဖြစ်ပြီး နှစ်ကြိမ်ထိ တာဝန်ထမ်းဆောင်နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် သမ္မတနေရာ လစ်လပ်ပါက တရားသူကြီးချုပ် (Chief Justice)က သမ္မတ၏ တာဝန်များကို ထမ်းဆောင်ရသည်။ ပါလီမန်တွင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းအထက် ပိုမိုရရှိသည့် နိုင်ငံရေးပါတီ၏ ခေါင်းဆောင်သည် ဝန်ကြီးချုပ်ဖြစ်သည်။ ဝန်ကြီးချုပ်သည် ယေဘုယျအားဖြင့် ဖီဂျီနိုင်ငံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံအသိပေးရန် တာဝန်ရှိသည်။ အုပ်ချုပ်ရေး အာဏာကိုသမ္မတထံ အပ်နှင်းပြီး ဥပဒေပြုအာဏာကို သမ္မတနှင့် ပါလီမန်ထံ အပ်နှင်းထားသည်။ တရားစီရင်ရေးအာဏာမှာ သီးခြားတည်ရှိသည်။

 

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲစနစ် ပြောင်းလဲမှုများ

 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၀ ပြည့်နှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေသည် ဗြိတိသျှတို့နှင့် ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့သဖြင့် ၁၉၆၆ ခုနှစ် ကိုလိုနီခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲပြား ခြားနားမှုမရှိပေ။ ၁၉၉၀ ပြည့်နှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း ဒေသရင်း ဖီဂျီလူမျိုး (Fijian)တို့၏ ရိုးရာအယူအဆများသာ လွှမ်းမိုးသောကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်သော လူဦးရေ၏ထက်ဝက်ခန့်ကကျေနပ်မှု မရှိခဲ့ဘဲ လူမျိုးရေးတင်းမာမှုများ ရှိခဲ့သည်။ ဖီဂျီနိုင်ငံသည် ၁၉၇၀ ပြည့်နှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၁၉၉၀ ပြည့်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တို့တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (First Past The Post)(FPTP) ကို အသုံးပြု၍ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ လူမျိုးရေး တင်းမာမှုများကို ဖြေရှင်းနိုင်ရန် ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲစနစ်ကို ကြိုက်နှစ်သက်မှု ဦးစားပေး ဗဟု/ အများစုစနစ် (Alternative Voting System) (AV) ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။

 

၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ပါလီမန်တွင် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representatives) ဟူသည့် လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းခဲ့သည်။ အထက်လွှတ်တော်အဖွဲ့ဝင် ၃၂ ဦးမှာ ရွေးကောက် တင်မြှောက်ရန်မလိုအပ်ဘဲ အောက်လွှတ်တော်တွင် ငါးနှစ်သက်တမ်းအတွက် မဲဆန္ဒနယ်များအလိုက် ရွေးကောက်ခံ ကိုယ်စားလှယ် ၇၁ ဦး ရှိခဲ့သည်။ အောက်လွှတ်တော် အဖွဲ့ဝင် ၇၁ နေရာအနက် ၂၅ နေရာကို ကန့်သတ်မထားသော်လည်း ကျန် ၄၆ နေရာကို ဌာနေ Fijians များအတွက် ၂၃ နေရာ၊ Indo-Fijians အတွက် ၁၉ နေရာ၊ Rotumans အတွက် တစ်နေရာနှင့် အခြားလူမျိုးများအတွက် သုံးနေရာ စသည်ဖြင့် လူမျိုးရေးအရ ခွဲခြားထားသည်။ မဲဆန္ဒရှင်များ၏ အသက် ကန့်သတ်ချက်သည် ၂၁ နှစ် ဖြစ်သည်။

လူမျိုးရေးအခြေခံသည့် မဲပေးခြင်းစနစ်သည် လူမျိုးရေးတင်းမာမှုကို ပိုမိုကြီးထွားစေခဲ့သဖြင့် ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲခဲ့သည်။ ယခင်ဖွဲ့စည်းပုံ အခြေခံဥပဒေများ နှင့်မတူဘဲထင်ရှားသည့် ကွဲပြားခြားနားမှုမှာ လူမျိုးရေးအခြေခံသည့် မဲပေးခြင်းစနစ်ကို ဖျက်သိမ်းခဲ့ခြင်းပင်ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အချိုးကျကိုယ်စားပြုစနစ် (Open List Proportional System)ကို အသုံးပြုရန် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံသားများသည် ၎င်းတို့ရွေးချယ်ထားသည့် နေရာဒေသအပေါ်မူတည်၍ မည်သည့် ကိုယ်စားလှယ်လောင်းကိုမဆို မဲပေးနိုင်သည်။ မဲဆန္ဒရှင်များ၏ အသက်ကန့်သတ် ချက်ကိုလည်း ၂၁ နှစ်မှ ၁၈ နှစ်သို့ ပြောင်းလဲခဲ့သည်။ အချိုးကျ ကိုယ်စားပြုစနစ် (PR)ကို ၂၀၁၄ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့ပြီး ၂၀၁၈ ခုနှစ် ပါလီမန် ရွေးကောက်ပွဲ ၌လည်း ထိုစနစ်ဖြင့်ပင် ရွေးကောက်တင်မြှောက်ခဲ့သည်။

 

 

လွှတ်တော် (ပါလီမန်) ဖွဲ့စည်းပုံ

 

ဖီဂျီနိုင်ငံ၏ ပထမဆုံးပါလီမန်သည် လွှတ်တော် နှစ်ရပ်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် (Parliament) ဟူသည့် လွှတ်တော်တစ်ရပ်သာရှိသည်။ ပါလီမန် သည် ဖီဂျီနိုင်ငံ၏ ဥပဒေပြုလွှတ်တော်ဖြစ်ပြီး နိုင်ငံ၏ဥပဒေများကို ပြဋ္ဌာန်းခွင့်အာဏာ အပ်နှင်းထားသည်။ ပါလီမန်တွင် ငွေကြေးဆိုင်ရာ ကိစ္စရပ်မှတစ်ပါး အခြားသော ဥပဒေ မူကြမ်းများကို တင်သွင်းနိုင်သည်။ ပါလီမန်သည် အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူ ညီချက်များကို အတည်ပြုသည်။ ပါလီမန်အဖွဲ့ဝင်များကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်သည် ဖီဂျီနိုင်ငံ တစ်ဝန်းလုံးပင် ဖြစ်သည်။ မဲဆန္ဒရှင်များအနေဖြင့်လည်း ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် အခွင့်အရေး သို့မဟုတ် မဲမပေးဘဲနေနိုင်သည့် အခွင့်အရေးရှိသည်။ နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် အနိမ့်ဆုံးရရှိရမည့် ထောက်ခံမဲရာခိုင်နှုန်း (Threshold) ၅ ရာခိုင်နှုန်းရရှိမှသာ ရွေးကောက်တင်မြှောက်ခံရ မည်ဖြစ်သည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ ပြဋ္ဌာန်းဥပဒေများအရဖြစ်စေ အပ်နှင်းထားသောအခွင့် အာဏာမှလွဲ၍ ဥပဒေပြုအာဏာသည် ပါလီမန် (Parliament)ထံ၌သာ တည်ရှိသည်။ ပါလီမန် အဖွဲ့ဝင်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ရွေးကောက်ပွဲကော်မရှင်၏ စီမံခန့်ခွဲမှုဖြင့် လွတ်လပ်၍တရားမျှတသည့် လျှို့ဝှက်ဆန္ဒမဲပေး ခြင်းဖြင့် ရွေးကောက်တင်မြှောက်သည်။ ၂၀၁၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် အဖွဲ့ဝင်များအတွက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပါလီမန်ကို ဝန်ကြီးချုပ်၏အကြံပြုချက်ဖြင့် သမ္မတက ဖျက်သိမ်းခြင်းမပြုလျှင် ပုံမှန်အားဖြင့် ပါလီမန်၏သက်တမ်းသည် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ပါလီမန်အဖွဲ့ဝင်များ အစည်းအဝေးပထမဆုံး စတင်ကျင်းပသည့်နေ့မှစ၍ လေးနှစ်ဖြစ်သည်။ လေးနှစ်သက်တမ်း ကုန်ဆုံးပြီးနောက် ရွေးကောက်ပွဲအသစ်အတွက် အမိန့်စာချွန်လွှာတစ်ရပ်ကို ဝန်ကြီးချုပ်၏ အကြံပြုချက်ဖြင့် သမ္မတက ထုတ်ပြန်ကြေညာသည်။

 

 

၂၀၁၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါလီမန်အဖွဲ့ ဝင်ဦးရေ ၅၀ ပါဝင်ရမည်ဟု ပြဋ္ဌာန်း ထားသော်လည်း ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲမတိုင်မီ ပါလီမန်အဖွဲ့ဝင်ဦးရေကို ပြန်လည်သုံးသပ်ရသည်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအရ ဖီနိုင်ငံ၏ လူဦးရေမှာ ၉၀၃၂၀၇ ဦး၊ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် ဦးရေမှာ ၅၅၄၅၆၆ ဦးဖြစ်ပြီး မဲပေးမှုရာခိုင်နှုန်း ၈၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ပါလီမန် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအရ လူဦးရေမှာ ၉၁၂၂၄၁ ဦး၊ မှတ်ပုံတင်ထားသော မဲဆန္ဒရှင်ဦးရေမှာ ၆၃၄၁၂၀ ဖြစ်ပြီး မဲပေးမှုရာခိုင်နှုန်း ၇၁ ရာခိုင်နှုန်းဖြစ်၍ ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက မဲပေးမှုရာခိုင်နှုန်း လျော့နည်းကျဆင်း သွားသည်ကို တွေ့ရှိရသည်။ ၂၀၁၄-၂၀၁၈ ပါလီမန် အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ ဖီဂျီနိုင်ငံပါလီမန်၏ ထူးခြားချက်မှာ ပါလီမန်အဖွဲ့ဝင်ဦးရေသတ်မှတ်ချက်သည် နိုင်ငံ၏လူဦးရေ အတိုးအလျှော့ အပေါ်မူတည်နေခြင်းဖြစ်သည်။ နိုင်ငံ့လူဦးရေ အတိုးအလျှော့အပေါ် အခြေခံ၍ အဖွဲ့ဝင်ဦးရေကို ရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲသတ်မှတ်သည်။ ၂၀၁၄ ခုနှစ်တွင် ပါလီမန်အဖွဲ့ ဝင်ဦးရေ ၅၀ သာ ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်၊ ပါလီမန်အဖွဲ့ဝင်ဦးရေမှာ ၅၁ ဦး ဖြစ်သည်။ လာမည့် ၂၀၂၂ ခုနှစ် ပါလီမန်ရွေးကောက်ပွဲအတွက် ပါလီမန်အဖွဲ့ဝင်ဦးရေမှာ ၅၅ ဦး ဖြစ်မည်ဟု ဖီဂျီရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

 

 

ရွေးကောက်ပွဲကော်မရှင်(Electoral Commission) နှင့် ဖီဂျီရွေးကောက်ပွဲ (Fijian Elections Office)

 

ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြဋ္ဌာန်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပသည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးများကော်မရှင် (Constitutional Offices Commission) ၏ အကြံပြုချက်ဖြင့် သမ္မတမှ ခန့်အပ်သည်။ ရွေးကောက်ပွဲကော်မရှင်တွင် အရည်အချင်း ပြည့်ဝသည့် ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်ခြောက်ဦးတို့ဖြင့် ဖွဲ့စည်းသည်။ ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်ရေးမှူး (Supervisor of Elections) သည် ရွေးကောက်ပွဲ ကော်မရှင်၏ အတွင်းရေးမှူးဖြစ်သည့်အပြင် ရွေးကောက်ပွဲ တာဝန်ခံအရာရှိ တာဝန်ကိုလည်း ထမ်းဆောင်သည်။ ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်ရေးမှူးကို ရွေးကောက်ပွဲကော်မရှင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးများကော်မရှင်တို့ ညှိနှိုင်း ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးများကော်မရှင်၏ အကြံပြုချက်ဖြင့် သမ္မတမှ ခန့်အပ်သည်။ ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်ရေးမှူးသည် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက် ချက်များကို ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များ၊ ပြဋ္ဌာန်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်သည်။

 

 

ကြီးကြပ်ရေးမှူးသည် ဖီဂျီရွေးကောက်ပွဲရုံး (FEO) ၏ အကြီးအကဲဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ဖီဂျီရွေးကောက်ပွဲရုံး (FEO) ဝန်ထမ်းအသစ်များ ခန့်အပ်ခြင်းကို ဆောင်ရွက်နိုင်သည့်အပြင် စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုမရှိသည့် ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်း၊ ထုတ်ပယ်ခြင်း အစရှိသည့် ကိစ္စရပ်များကိုလည်း ဆောင်ရွက်သည်။ ဖီဂျီရွေးကောက်ပွဲရုံးသည် လွတ်လပ်သည့်ရုံးတစ်ရုံးဖြစ်သည်။ ကြီးကြပ် ရေးမှူးသည် လုပ်ငန်းလည်ပတ်မှုအတွက် လိုအပ်သည်ဟု ယူဆပါက ဌာနရုံးခွဲများသို့မဟုတ် ခရိုင်ရွေးကောက် ပွဲဆိုင်ရာရုံးခွဲများကို ဖွင့်လှစ်ရန် ရုံးခွဲများ၏ အရေအတွက်နှင့် တည်နေရာကို ဆုံးဖြတ်နိုင်သည်။ ထိုသတင်းအချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ကြေညာရသည်။

 

 

ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်များ စာရင်းမှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင်များစာရင်းကို ပုံမှန်ပြင်ဆင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မဲဆန္ဒရှင် အသိပညာ ပေးခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပါလီမန်အဖွဲ့ဝင်ဦးရေကို ဆုံးဖြတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စာချွန်လွှာများကို လက်ခံခြင်းနှင့် ထုတ်ပြန်ခြင်း၊ မဲစာရင်းရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ အမည်စာရင်း တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ ပြဋ္ဌာန်းဥပဒေများကို နိုင်ငံရေးပါတီများမှ လိုက်နာမှုရှိစေရန် ကြီးကြပ်ခြင်း စသည်တို့ကို ဆောင်ရွက်သည်။ ကော်မရှင်သည် အဆိုပါဆောင်ရွက်ချက်များနှင့် ပတ်သက်သော နှစ်ပတ်လည် အစီရင်ခံစာကို သမ္မတထံသို့ ပေးပို့ရသည်။ ထိုအစီရင်ခံစာ မိတ္တူတစ်စောင်ကို ပါလီမန်ထံသို့လည်း တင်သွင်းရသည်။

 

ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ

 

ပါလီမန်အဖွဲ့ဝင်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ရွေးကောက်ပွဲကော်မရှင်၏ စီမံခန့်ခွဲမှုဖြင့် လွတ်လပ်၍တရားမျှတသည့် လျှို့ဝှက်ဆန္ဒမဲပေး ခြင်းဖြင့် ရွေးကောက်တင်မြှောက်သည်။ မဲစာရင်းမှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် မဲဆန္ဒရှင်များသည် ၎င်းတို့၏ အချက်အလက်များကို ဖီဂျီရွေးကောက်ပွဲရုံး (FEO)ထံသို့ ပုံမှန်ပေးပို့နိုင်သည်။ ဖီဂျီရွေးကောက်ပွဲရုံး (FEO)က မဲစာရင်းပြုစုရာတွင် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် Voter Service Centres ['VSC's'] ကို ဖွင့်လှစ်ပေးထားသည်။ မှတ်ပုံတင်ပြီးပါက မဲဆန္ဒရှင်သည် မဲဆန္ဒရှင် သက်သေခံကတ်ပြားကို ရရှိမည်ဖြစ်သည်။ မဲဆန္ဒ ရှင်များ၎င်းတို့၏ သက်သေခံကတ်ပြားများကို တန်ဖိုးထားကြစေရန်နှင့် ၎င်းတို့၏ အချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြစေရန်အတွက် မဲဆန္ဒရှင် သက်သေခံ ကတ်ပြားသည် ဖီဂျီနိုင်ငံရှိ အမျိုးမျိုးသော စိစစ်ရေးကတ်ပြားများ၏ အခြေခံရင်းမြစ်ပင် ဖြစ်သည်။

 

 

အမည်စာရင်း တင်သွင်း

 

ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းကို ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ် ရေးမှူး (Supervisor of Elections)ထံ တင်သွင်းရသည်။ ရွေးကောက်ပွဲ အမည်စာရင်း တင်သွင်းရာတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အတွက် နိုင်ငံရေးပါတီများက တင်သွင်းရပြီး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဖြစ်ပါက၊ တစ်ဦးချင်း တင်သွင်း ရသည်။ အမည်စာရင်း တင်သွင်းချိန်တွင် ပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်းများ၏ ဦးစားပေးအဆင့်ကို ဖော်ပြထားသော်လည်း အနိုင်ရကိုယ်စားလှယ်ကို ဆုံးဖြတ်ရာ တွင်ရွေးကောက်ပွဲ၌ ထောက်ခံမဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းအပေါ်မူတည်၍ ဆုံးဖြတ်သည်။ ပါတီများမှ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပါလီမန်ရှိ စုစုပေါင်း အဖွဲ့ဝင်ဦးရေအထိ တင်သွင်းနိုင်သည်။ ရွေးကောက်ပွဲများကို ပုံမှန်အားဖြင့် အများပြည်သူ အလုပ်ပိတ်ရက်၌သာ ကျင်းပသည်။

 

မဲဆန္ဒရှင်များသည် မဲစာရင်းမှတ်ပုံတင်ချိန်တွင် မဲပေးမည့်နေရာ(မဲရုံ)ကို သတ်မှတ်ရွေးချယ်ပြီး  ထိုနေရာ၌ မဲပေးနိုင်သည်။ မဲရုံတစ်ရုံတွင် မဲဆန္ဒရှင် ဦးရေ ၅၀၀ ထက် မပိုစေရဘဲ မဲဆန္ဒရှင်ဦးရေ ၅၀၀ ထက် ပိုမိုပါက မဲရုံကို ထပ်မံတိုးချဲ့ဖွင့်လှစ်ရသည်။ ဖီဂျီရွေးကောက်ပွဲရုံး (FED) သည် သွားလာရခက်ခဲသော တောင်တန်းဒေသများနှင့် ကျွန်းများ၌မဲပေးခြင်းကို ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုတွင် ဆောင်ရွက်သည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံသို့လာရောက်၍ မဲမပေးနိုင်သူများ စာတိုက်မှတစ်ဆင့် မဲပေးခြင်းများကို ဆောင်ရွက်နိုင်သည်။ရွေးကောက် ပွဲတွင် ကိုယ်စားလှယ်လောင်းများ၏နံပါတ်များကို ကိုယ်စားလှယ်လောင်းများထံ ခွဲဝေပေးထားသည်။ ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်ရေးမှူးသည် အဆိုပါနံပါတ်များကို အများပြည်သူထံ ကြေညာ ထားမည်ဖြစ်သည်။ မဲဆန္ဒရှင်သည် မဲလက်မှတ်၌ မဲပေးလိုသည့် ကိုယ်စားလှယ်လောင်း၏ နံပါတ်တွင် အဝိုင်း ပုံသို့မဟုတ် အမှန်ခြစ် သို့မဟုတ် အမှားခြစ် အမှတ် အသားပြု၍ မဲပေးနိုင်သည်။ ဖီဂျီရွေးကောက်ပွဲရုံး (FEO) သည် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ နံပါတ်များပါဝင်သည့် မဲဆန္ဒရှင်များ လမ်းညွှန် ချက်စာစောင်ကို စီစဉ်ပေးထားသည်။

 

 

ရွေးကောက်ပွဲနေ့

 

မဲလက်မှတ်ဖြင့် ဆန္ဒမဲပေးရာ၌ မဲဆန္ဒရှင်တစ်ဦးလျှင် မဲလက်မှတ် တစ်စောင်သာရရှိမည် ဖြစ်သည်။ မဲဆန္ဒရှင်သည် မဲလက်မှတ်တွင်အမှားတစ်စုံတစ်ရာ ပြုလုပ်မိပါက နောက်ထပ် မဲလက်မှတ်အသစ် တစ်စောင်ကိုသာ ထပ်မံတောင်းဆိုပိုင်ခွင့်ရှိသည်။ ရွေးကောက်ပွဲနေ့တွင် နံနက် ၇:၃၀ နာရီမှ ညနေ ၆:၀၀ နာရီအတွင်း ကြိုက်နှစ်သက်ချိန်၌ မဲပေးခြင်းဆောင်ရွက် နိုင်သည်။ စာပေမတတ်ကျွမ်းသည့် မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲ အရာရှိများ၏ အကူအညီကိုရယူနိုင်ပြီး မသန်စွမ်းသူများအနေဖြင့်လည်း ၎င်းတို့နှစ်သက်သည့် မဲစာရင်းတွင် ပါဝင်သောသူ၏ အကူအညီကို ရယူနိုင်သည်။ ရွေးကောက်ပွဲနေ့ မဲရုံပိတ်ချိန် ၆ နာရီ ကျော်ပြီးနောက် မဲရေတွက်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်သည်။ ရွေးကောက်ပွဲနေ့ မဲရေတွက်ခြင်းကို မဲရုံတွင်ဆောင်ရွက်ပြီးနောက် ရလဒ်များကိုတယ်လီဖုန်းဖြင့် လွှဲပြောင်းပေးပြီး နောက်ပိုင်းတွင် လုပ်ထုံးလုပ်နည်းများအတိုင်း ဆူးဗားမြို့ရှိ အမျိုးသားမဲရလဒ်စင်တာ (National Results Centre)သို့ ရလဒ်များကို ပေးပို့သည်။ ရွေးကောက်ပွဲနေ့ ညနေ ၆ နာရီတွင် ကြိုတင်မဲနှင့် စာတိုက်မှတစ်ဆင့်ပေးပို့သည့် မဲများကို ဆူးဗားမြို့ရှိ မဲရေတွက်ခြင်းစင်တာ (National Count Centrel) တွင် ရေတွက်သည်။

 

 

ဖီဂျီရွေးကောက်ပွဲရုံး (FEO)သည် အတည်မပြုရသေးသည့် ယာယီရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲနေ့ ညအချိန်တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက် (Website)နှင့် ဖုန်းများအတွက် အထူးစီစဉ်ဆောင်ရွက်ပေးထားသည့် အက်ပလီကေးရှင်း (Application) များတွင် ထုတ်ပြန် ကြေညာသည်။ ရွေးကောက်ပွဲပြီး နောက်တစ်နေ့ နံနက် ၇ နာရီ အချိန်တွင် ယခင် ထုတ်ပြန်ထားသော ယာယီရလဒ်များ ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ဖီဂျီရွေးကောက်ပွဲရုံး (FEO) သည် ရလဒ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စုစည်းပြီးနောက် နောက်ဆုံးရလဒ်ကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ရလဒ်များအားလုံး လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ရွေးကောက်ပွဲရုံး(FEO)သည် ကိုယ်စားလှယ်နေရာများ ခွဲဝေပေး ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန် အတွက် နောက်ဆုံး wqwione: (Final National Results Tally) ကို ရွေးကောက်ပွဲကော်မရှင် (Electoral Commission)ထံသို့ လွှဲပြောင်းပေးအပ်သည်။ ထိုစာရင်းတွင် မဲရလဒ် အနည်းအများ အတိုင်းပါတီများမှ ကိုယ်စားလှယ်လောင်းများ စာရင်းပါဝင်သည်။

 

 

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါလီမန်ရွေးကောက်ပွဲပြီးနောက် ဖီဂျီရွေးကောက်ပွဲရုံး (FEO) သည် အလုပ်သမားသမဂ္ဂများ၊ မြူနီစီပယ်များနှင့် အခြားသောရွေးကောက်ပွဲများကိုလည်း ကျင်းပ ပေးရန် တာဝန်ရှိသည်။

 

နိဂုံး

 

ဖီဂျီနိုင်ငံသည် လူဦးရေနည်းသည့် ကျွန်းစုနိုင်ငံဖြစ်သော်လည်း လူမျိုးရေးအခြေခံသည့် နိုင်ငံရေး တင်းမာမှုများကြောင့် စစ်တပ်မှအာဏာသိမ်းယူမှု လေးကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း လေးကြိမ်တိုင် ပြန်လည်ရေးဆွဲခဲ့ရသည်။ ဖီဂျီနိုင်ငံသည် ၎င်းတို့နှင့်လိုက်လျော ညီထွေဖြစ်နိုင်သည့် ရွေးကောက်ပွဲစနစ်များကို အကြိမ်ကြိမ်ပြောင်းလဲကျင့်သုံး ခဲ့ပြီးနောက် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) (PR) ဖြင့် နှစ်ကြိမ်တိုင် ရွေးကောက်ပွဲများကို ကျင်းပခဲ့ပြီး လာမည့်ပါလီမန်ရွေးကောက်ပွဲအတွက် ရွေးကောက် ပွဲဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

 

 

ကျမ်းကိုး

 

http://www.parliament.gov.fj/

https://constitutionnet.org/country/fiji Elections - Parliament of the Republic of Fiji http://www.electoralcommission.org.fi/

https://www.feo.org.fj/fijian-electoralsystem/ https://www.loc.gov/item/lcwaN0019198/?

http://press-files.anu.edu.au/downloads/press/p337333/pdf/ch022.pdf https://www.electionguideorg.

https://www.idea.int/our-work/wherewe-work/asia-pacific/fiji https://aceproject.org/ace-en/topics/em/annex/electoral-management https://www.c-r.org/programme/pacific/fiji-conflict-focus? https://www.whereig.com/fiji/

https://www.commonwealthofnations.org/sectors-fiji/govemment/# https://www.worldometers.info/worldpopulation/fiji-population/

 

ရတနာရွှေစည်