Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်

နေပြည်‌တော် ဩဂုတ် ၅

အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ အစည်းအဝေးကို နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Honourable Marc Garneau တို့က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက် ကြသည်။

အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး တိုးတက် ကောင်းမွန်လျက်ရှိကြောင်းနှင့် အာဆီယံအနေဖြင့် ကနေဒါနိုင်ငံနှင့် ဆွေးနွေးဖက်ဆက်ဆံ ရေးမြှင့်တင်နိုင်စေရန် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အသီးသီးတွင် ပိုမိုတိုးမြှင့် ဆောင်ရွက် ရေး မျှော်မှန်းထားကြောင်း၊ အာဆီယံနိုင်ငံများနှင့် ကနေဒါနိုင်ငံတို့သည် ကိုဗစ်-၁၉ ရိုက်ခတ် မှုကို ရင်ဆိုင်နေကြရပြီး ကနေဒါနိုင်ငံမှ အာဆီယံ၏ ကိုဗစ်-၁၉ တုန့်ပြန်ရေး ကနဦးလုပ်ငန်း စဉ်များသို့ ထောက်ပံ့ပေးခြင်းနှင့် အထူးသဖြင့် ကိုဗစ်-၁၉ အာဆီယံတုန့်ပြန်ရေး ရန်ပုံငွေသို့ ပံ့ပိုးလှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ကနေဒါအနေဖြင့် အာဆီယံ အသိုက် အဝန်းမဏ္ဍိုင် (၃) ခုတွင်သာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဒီဂျစ်တယ်နည်း ပညာကဲ့သို့ အာဆီယံ၊ ကနေဒါနိုင်ငံနှင့် အထူးသဖြင့် CLMV နိုင်ငံများအတွက် အရေးပါသည့် အခြားကဏ္ဍ များတွင်လည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မျှော်မှန်းကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုယ်စား ASEAN Common Statement ကို ဖတ်ကြားခဲ့သည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ နိုင်ငံများရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် ကနေဒါနှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ၂၀၂၁-၂၀၂၄ ကာလ အတွက် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးနိုင်ငံအဖြစ် တာဝန်ယူမည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့က နိဂုံးချုပ်အမှာစကား ပြောကြားသည်။ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးမှုများသည် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးကို မြှင့်တင်ရန် နည်းလမ်းများကို ပြသပေးနိုင်ကြောင်း၊ အာဆီယံအနေဖြင့် ဒေသတွင်း အေးချမ်းသာယာဝပြောရေး၊  အပြန်အလှန်အကျိုးစီးပွားနှင့် ပူးပေါင်း ဆောင်ရွက်ရန် အလား အလာရှိသည့်ကဏ္ဍများတွင် ကနေဒါနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ကြောင်း၊ မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည် ကာလရှည်ကြာသည့် ဆက်ဆံရေးကောင်း များရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ကြိုပမ်းဆောင်ရွက်မှုများတွင် ကနေဒါနိုင်ငံမှ ပူးပေါင်းဆောင်ရွက် မည်ဟု မျှော်လင့်ကြောင်း ပြောကြားပြီး အာဆီယံတူညီဆန္ဒ(၅)ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှ ဘရူနိုင်းနိုင်ငံ ခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof အား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် အဆိုပြုချက်ကို ကြိုဆိုခဲ့ကြောင်းနှင့် အထူးကိုယ်စား လှယ်အဖြစ်ဆောင်ရွက်မည့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂)နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ၎င်း၏ စွမ်းဆောင်ရည်ကို ယုံကြည်မျှော်လင့် ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆက်လက်ကျင်းပသည့် အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးကို ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး H.E. PRAK Sokhonn နှင့် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး H.E. Nanaia Mahuta တို့က ပူးတွဲ သဘာပတိများအဖြစ် ဦးဆောင်ကျင်းပသည်။

 အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် နယူးဇီလန်နိုင်ငံ၏ အစဉ်တစိုက် ကူညီထောက်ပံ့မှုများ၊ အထူးသဖြင့် အာဆီယံပေါင်းစည်းရေး ဦးဆောင် ဦးရွက်ပြုမှုအစီအစဉ်မှတစ်ဆင့် ပံ့ပိုးမှုများ အပေါ် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ပြည်သူအချင်း ချင်းပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတို့ကို ကပ်ရောဂါအလွန်ကာလတွင် တိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားကြရန်တိုက်တွန်းကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေးတွင် နယူးဇီလန်နိုင်ငံ၏ ထည့်ဝင်အကျိုးပြုမှုများကို အသိအမှတ်ပြုကြောင်းနှင့် ဒေသတွင်းစီးပွားရေးပြန်လည် ထူထောင်နိုင်ရေး တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်း ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၃ နာရီတွင် ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပသည့် ဗြိတိန်နိုင်ငံကို အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံကြောင်း ကြိုဆိုသည့် အခမ်းအနား သို့ တက်ရောက်ခဲ့သည်။

ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် မွန်းလွဲပိုင်းတွင် ကျင်းပသော  “မဲခေါင်မြစ် မိတ်ဆွေနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်” ပထမအကြိမ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးကို အမေရိကန်နိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံများ၊ အာရှဖွံ့ဖြိုး ရေးဘဏ်၊ ဥရောပသမဂ္ဂ၊ မဲခေါင်မြစ်ကော်မရှင် အတွင်းရေးမှူးရုံးနှင့် ကမ္ဘာ့ဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြပြီး  အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့က လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက မဲခေါင်မြစ် မိတ်ဆွေနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသ ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရာတွင် ညှိနှိုင်းဆောင်ရွက်နိုင်ရေးဖြစ်ကြောင်း၊ လုပ်ငန်းစဉ်အား အကောင် အထည်ဖော်ရာတွင် မဲခေါင်-အမေရိကန် အစည်းအဝေးများ၌ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေး မစွက်ဖက်ရေးစသည့် ည်းမျဉ်းစည်းကမ်းများ  လေးစားဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကူးစက်မှုများနေသည့် နိုင်ငံများ ရရှိရေး၊ ကိုဗစ်-၁၉အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ သမားရိုးကျ မဟုတ်သော စိန်ခေါ်မှုများအားဖြေရှင်းရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ပြောကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)