Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်း အစည်းအဝေး ပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား

နေပြည်တော်  ဩဂုတ်  ၂

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် “ကျွန်တော် တို့ ကိုဗစ်အစည်းအဝေး ပြုလုပ် လာတာ ကျွန်တော် ဦးဆောင်ပြီး လုပ်တာတော့ အစည်းအဝေး (၆)ကြိမ်မြောက်ဖြစ်သွားပြီ။ လုပ်ငန်းလည်း တော်တော်လေး အရှိန်အဟုန်နဲ့ လုပ်နိုင်တဲ့အတွက်ကြောင့် ကိုဗစ်နဲ့ပတ်သက်လို့ ရှိရင် ကျွန်တော်တို့ အတိုင်းအတာ တစ်ခုအထိတော့ ထိန်းထားနိုင်တာတွေ့တယ်။ ပြည်နယ်နဲ့တိုင်းတွေအလိုက် ဆောင်ရွက်နိုင်တာတွေ ကျွန်တော်တို့တွေ့ပါတယ်။ Monitor လည်း တောက်လျှောက် လုပ်နေတာပေါ့။ ကြားထဲမှာလည်း ဒုတပ်ချုပ်၊ ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့ ကော်မတီကလည်း တောက်လျှောက်ကို အနီးကပ်မှာကြားပေးနေတဲ့ အတွက်ကြောင့် နေ့စဉ်နှင့် အမျှပေါ့၊ ဒါတွေအားလုံးကလည်း ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ အတွက်ကြောင့် အောင်မြင်မှုတွေ၊ အဆင်ပြေမှုတွေလဲရှိပါတယ်။ သို့သော် အားလုံးပြီးပြည့်စုံပြီလား ဆိုတော့လည်း ပြီးပြည့်စုံပြီတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စပြီးတော့ ဒုတိယပတ် ပြီးတဲ့အချိန်ကနေ စပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ထိန်းလိုက်တဲ့အခါမှာ စကြေညာခါစမှာတော့ ဖြစ်နှုန်း တွေတော်တော်လေးများပါတယ်။ သို့သော်လည်းပဲ တဖြည်းဖြည်း ကျလာတာ တောက်လျှောက်ကို ဆင်းလာတဲ့ အတွက်ကြောင့် ၃၀ ရာခိုင်နှုန်း အထက်လောက်အထိပဲ ရှိတော့တယ်။ ကျွန်တော်ပြီးခဲ့တဲ့ အစည်းအဝေးမှာလည်း ပြောပါတယ်။ ကျဆင်းသွားတယ် ဆိုပြီးတော့ ကျေနပ်နေလို့တော့ မရဘူး။ ဒီထက်ပိုပြီးတော့ကျအောင်၊ ပိုပြီးထိန်းနိုင်အောင်လုပ်ဖို့လိုမယ်။ ဒါကြောင့် အဓိကကတော့ လှုပ်ရှားသွားလာမှုတွေ ထိန်းချုပ်ခြင်းကတော့ နံပါတ်တစ် ဆောင်ရွက်ရ လိမ့်မယ်။ ဒုတိယကတော့ ကာကွယ်ဆေး ထိုးတာတွေ၊ ရောက်တဲ့ကာကွယ်ဆေးတွေ လျှင်လျှင် မြန်မြန်ထိုးဖို့ လိုလိမ့်မယ်။ ဒါကျွန်တော်ပြောခဲ့ပါတယ်။ အသွားအလာနဲ့ ပတ်သက်ပြီးတော့လည်း တောက်လျှောက် ထိန်းလာတဲ့အတွက်ကြောင့် Indicator မှာ ဖော်ပြချက်ဟာဆိုရင်တော့ တော်တော်လေးကို ကျလာတာ တွေ့ရတယ်။ ဒါကလည်း ကောင်းတာပဲပေါ့။ ပြည်သူတွေရဲ့ပူးပေါင်း ဆောင်ရွက်မှုကောင်းတဲ့ အတွက်ကြောင့် ဒီလိုဖြစ်လာတာ။ ကျွန်တော်အနေနဲ့ ဒီဩဂုတ်လအတွင်း မှာ သိသိသာသာကြီးကို။ ရှင်းရှင်း ပြောရရင်ခေါက်ချိုးလောက်ကို ကျသွားအောင်ကို  လုပ်ချင်ပါ တယ်။ လက်ရှိ ဖြစ်နေတဲ့အခြေအနေကနေ ခေါက်ချိုးလောက် ကျသွားအောင် ဩဂုတ်လအတွင်းမှာ ကျအောင်ကြိုးစားရမှာ။ လုံးလုံးလျားလျားကျဖို့ ဆိုတာတော့ တော်တော်ခဲယဉ်းပါတယ်။ ဒီရောဂါက ဘယ်လိုမှကို ကင်းစင်သွားမယ့်ရောဂါ မဟုတ်ဘူး ဆိုပြီးတော့လဲ နိုင်ငံတကာမှာ ဆေးဝါးကျွမ်းကျင်သူတွေအားလုံးက လက်ခံထားတဲ့ ကိစ္စဖြစ်ပါတယ်။ သို့သော်လူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိလို့ရှိရင်တော့ စောစောက ကျွန်တော်တို့မျှော်မှန်းတဲ့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေရဲ့ ထက်ဝက်ထိကို ကျဆင်းသွားမယ်လို့ ယုံကြည် ပါတယ် ဟု ပြောသည်။

စနစ်တကျ သုတေသနပြုလုပ်

ဆက်လက်၍ ကာကွယ်ဆေးများ အဆက်မပြတ်ရောက်ရှိလာစေရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိပြီး ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ချက်များနှင့်အညီ ထိုးနှံပေးရမည် ဖြစ်ကြောင်း၊ ဆေးမထိုးခင်နှင့် ဆေးထိုးပြီး လုပ်ဆောင်ရန် လိုအပ်သည်များ၊ လိုက်နာရန် လိုအပ်သည်များနှင့် ဒုတိယအကြိမ်ထပ်မံ ထိုးနှံရမည့် ကာလတို့ကို တိကျစွာသိရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ တင်သွင်းမှာယူခြင်းသာမက မိမိတို့နိုင်ငံ တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အတွက်လည်း လုပ်ဆောင်လျက်ရှိကြောင်း၊ အခြားနိုင်ငံ များ၌ သက်ဆိုင်ရာနိုင်ငံအလိုက် တိုင်းရင်းဆေးများကိုလည်း စမ်းသပ်နေသကဲ့သို့  မြန်မာ့တိုင်းရင်း ဆေးဘက်ဝင်အပင်များ၊ သစ်ဥ၊ သစ်ဖုများနှင့် တိုင်းရင်းဆေးများကိုလည်း သုတေသန ပြုလုပ် စမ်းသပ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေး ပညာရှင်များဖြင့် ပေါင်းစပ်ညှိနှိုင်းတိုင်ပင်၍ စနစ်တကျသုတေသနပြုလုပ် ရမည်ဖြစ်ပြီး ရေရှည်မျှော်တွေး၍ လိုအပ်လာနိုင်သည်မှန်သမျှကို တွက်ချက် လုပ်ဆောင်ကြစေလိုကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်အတွက် သွားလာရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများကြောင့် ကုန်ဈေးနှုန်းအနည်းငယ်မြင့်မားလာသည်ကို မပြောလိုသော်လည်း အခြေခံစားကုန်များ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်မည် ဖြစ်ကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိရာတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးသည့်လုပ်ငန်းများကို ရုပ်မြင်သံကြား ရေဒီယိုတို့မှတစ်ဆင့် အဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ ထိုသို့အသိပညာပေးရာတွင် တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်လွှင့်မှုများ၌ ပီပီသသနှင့် ရှင်းလင်းမှုရှိအောင်၊ လွယ်ကူရှင်းလင်းစွာ နားလည်နိုင်အောင် တင်ဆက်ကြရန်လိုကြောင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းများကို ညပိုင်းနှင့် နံနက်အစောပိုင်းတို့တွင် လှည့်လည်နှိုးဆော်ပေးပါက လိုက်နာမှု ပိုမို အားကောင်းလာနိုင်မည်ဖြစ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုကို အထိုက်အလျောက် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

အထိုက်အလျောက် ထိန်းချုပ်ထားနိုင်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တက်ရောက် လာကြသူများက ကိုဗစ်ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ် တို့မှစ၍ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အထိုက်အလျောက်ထိန်းချုပ်ထားနိုင်ပြီး ကူးစက်မှုလျော့ကျ လာသည့် အခြေအနေ၊ ကူးစက်ပြန့်ပွားမှုများကို ပိုမိုထိန်းချုပ်နိုင်ရေး ရောဂါအခံရှိသူများ၊ နာတာရှည်ရောဂါ ရှိသူများရှိသည့် နေအိမ်များတွင် နေအိမ်တွင်းနေထိုင်ပါကလည်း Mask တပ်ထားရန် လိုအပ်ကြောင်းကို အကြံပြုတင်ပြလိုသည့် အခြေအနေ၊ ဩဂုတ်  ၁ ရက်နေ့ တစ်နေ့တည်း၌ပင် ကာကွယ်ဆေး တစ်သိန်းကျော်ထိုးနှံပေးနိုင်ခဲ့ ပြီး  ကာကွယ်ဆေးထိုးနှံမှုများကို အဆက်မပြတ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် ယခုနှစ် ကုန်ပိုင်းတွင် မျှော်မှန်း ထားသည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ် ဆေးထိုးနှံပေးနိုင်မည့် အခြေအနေ၊ မိမိတို့နိုင်ငံသို့ အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းလျက်ရှိသည့် အခြေအနေ။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင်  အသုံးပြု နိုင်ရေး ကိုဗစ် - ၁၉ ရံပုံငွေမှ သုံးစွဲထားရှိမှုအခြေအနေ၊ လေကြောင်းလိုင်းများ၊ နယ်စပ်ဒေသများ၊ ဆိပ်ကမ်းများ၊ နယ်စပ်ဂိတ်များမှတဆင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများကို  တင်သွင်း လျက်ရှိသည့် အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့သို့ ပြည်ပမှ အောက်ဆီဂျင်ဝင်ရောက်လာမှု၊ လိုအပ်သည့်နေရာများသို့ ဖြန့်ခွဲပေးလျက်ရှိမှု အခြေအနေနှင့် ဆက်လက် ဝင်ရောက်လာနိုင်မည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးများကို ဦးစားပေး သတ်မှတ်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည့် အခြေအနေ၊ တစ်နိုင်ငံလုံးရှိ အကျဉ်းစခန်းများ၌ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိမှု အခြေအနေ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ပတ်သက်၍ လေကြောင်းလိုင်း၊ ရေကြောင်း လိုင်း၊ မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ကို ပုံမှန်ပြေးဆွဲပေးလျက်ရှိ သည့် အခြေ အနေ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိက ရုပ်သံလိုင်းများမှ အသိပညာပေးလျက်ရှိသည့်အပြင် အသံချဲ့စက်များအသုံးပြု၍လည်း ကျန်းမာရေး ဆိုင်ရာ အသိပေးချက်၊ သတိပေးချက်များကို လိုက်လံဆော်ဩနှိုးဆော်ပေးလျက်ရှိသည့် အခြေအနေ၊ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ အောက်ဆီ ဂျင်ထုတ်လုပ်နေမှုနှင့် ဖြန့်ဝေပေးလျက်ရှိမှု အခြေအနေ။

ဝိုင်းဝန်းဆောင်ရွက်

ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုအပေါ် လေ့လာသုံးသပ်တွေ့ရှိမှု အခြေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါနှင့် အခြား ရောဂါများကြောင့် သေဆုံးမှုရာခိုင်နှုန်း လျော့ကျလာသည့် အခြေအနေ၊ ရောဂါဖြစ်ပွားနေမှုအတွင်း ကောလာဟလများ၊ သတင်းမှားများ ထုတ်လွှင့်နေမှုအခြေအနေ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ တင်သွင်းဆောင်ရွက်နေမှု၊ နိုင်ငံပိုင်၊ တပ်မတော်ပိုင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများမှလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အခြေခံအိမ်သုံး ဆေးဝါးများ ထုတ်လုပ် နေမှုအခြေအနေ၊ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး စနစ်တကျဖြစ်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူ ရာတွင် စာရင်းအမှန် ရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေ၊ ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများထိုးနှံရာတွင် အထောက်အကူဖြစ်စေရေးအတွက် အရံဆေးထိုးနှံရေးအဖွဲ့ ကြိုတင်ဖွဲ့စည်းထားရှိရန်နှင့် ဆေးထိုးနှံပြီးစီးသူများ စာရင်းကို စနစ်တကျ မှတ်တမ်းပြုစု၍ ဗဟိုသို့ နေ့စဉ်ပေးပို့ တင်ပြရန် လိုအပ်သည့် အခြေအနေ၊ ပြည်ပသို့ ရောက်ရှိပြီး အခက်အခဲဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်စိစစ် လက်ခံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးကာ ရောဂါပိုး မတွေ့ရှိသူများကို ၎င်းတို့၏နေရပ် သို့ ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

ရေရှည်အတွက် စဉ်းစားလုပ်ဆောင်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က ကာကွယ်ဆေးများ အဆက်မပြတ်ရရှိစေရေး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်မှုများ မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းဆေးများနှင့် ပတ်သက်၍လည်း သုတေသန လုပ်ငန်းများကို မြန်ဆန်စွာဆောင်ရွက်ရန်နှင့် ရေရှည်အတွက် စဉ်းစားလုပ်ဆောင်ရန်လိုကြောင်း၊ ကာကွယ်ဆေးဝယ်ယူရရှိရေးနှင့် သုတေသနပြု ထုတ်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်ပါက နိုင်ငံတော်မှ ချေးငွေစီစဉ် ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပြည်သူလူထု၏ အခြေခံစား ဝတ်နေရေးကို ထိခိုက်စေမည့် ကောလာဟလများ ထုတ်လွှင့်နေမှုများနှင့် ပတ်သက်၍  အမြန်ဆုံး ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပမှ ဝင်ရောက် လာသည့် မိမိတို့ နိုင်ငံသားများကို စနစ်တကျလက်ခံနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ပြီး ၎င်းတို့နေရပ်သို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိနိုင်ရေးအတွက် လိုအပ်ပါက တပ်မတော်ယာဉ်များကိုလည်း အသုံးပြုနိုင်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “အဓိကကတော့ ကာကွယ်ဆေးကို မှန်မှန်နဲ့မြန်မြန် ထိုးပေးနိုင်ဖို့လည်းလိုတယ်။  အဲ့ဒီတော့ကျွန်တော်တို့ ဒီနှစ်အကုန်မှာ တိုင်းပြည်လူဦးရေရဲ့  ၅၀ ရာခိုင်နှုန်းမျှော်မှန်းထားတယ်ဆိုတော့ တစ်လကို ၅ သန်းထိုးနိုင်ဖို့လိုတယ်။ တစ်လ ၅ သန်း။ လက်ရှိ အခြေအနေကတော့ ၅ သန်းကိုတော့ရတယ်။ သို့သော် နောက်လတွေမှာ စဉ်ဆက်မပြတ်ရဖို့။ ဒါကိုတွက်ဖို့ လိုတယ်။ ဘယ်နိုင်ငံရမလဲ။ ခုနကကျွန်တော်ပြောတဲ့ သုံးနိုင်ငံ၊ Source သုံးခုရှိတယ်။ သေချာတဲ့ Source ကနေပြီးတော့ ကျွန်တော်တို့ စာချုပ်ချုပ်ထားဖို့လိုတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ငွေလည်းအပြည့်အစုံ ရှိနေပြီးသား။ အဲ့ဒီတော့ ကျန်းမာရေး ဝန်ကြီးက သေချာလေးတွက်ချက်ပြီးလုပ်ပေးပါ။ ဒုဥက္ကဋ္ဌနဲ့ ဆွေးနွေးပြီးလုပ်ပါလို့ ကျွန်တော်ပြောလိုတယ်။ ဆေးကတော့ ရဖို့တော့လိုတယ်။ “ဥစ္စာရင်လို ဥစ္စာရင်ခဲ ပေါ့ “ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုတော့ ရအောင်ကြိုးစားရမှာပေါ့ဟု ပြောကြားသည်။

အလေးထား ကိုင်တွယ်ဆောင်ရွက်

ဆက်လက်ပြောကြားရာတွင် မိမိတို့အနေဖြင့် ကာကွယ်ဆေးများဝယ်ယူရရှိနိုင်ရေးအတွက် ကာကွယ်ဆေးထုတ်လုပ်လျက်ရှိသည့်နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံ တည်း ဖြင့်ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကာကွယ်ဆေးရရှိနိုင်သည့် နိုင်ငံများနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် မိမိတို့နိုင်ငံသည် ကူးစက်မှုနှုန်း ပဉ္စမအများဆုံးဖြစ်ပြီး သေဆုံးမှုနှုန်းအနေဖြင့် တတိယအများဆုံးဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အားနည်းချက်ရှိနေသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိများ အားနည်းခြင်းနှင့် ပင်ကိုယ်အရ ကျန်းမာရေးအားနည်းချက်များရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏မျှော်မှန်း သက်တမ်းသည် ၆၇ ဒသမ ၇၈ နှစ်သာရှိသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ တွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကိုဗစ်ရောဂါကူးစက်မှုကြောင့် မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ ကျန်းမာရေး မြှင့်တင်ရန် လိုအပ်နေခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံး ကျန်းမာရေးမြှင့်တင် ရေးသည် ရေရှည်ကိုမျှော်တွေး၍ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အစာအာဟာရ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အသိပညာ ဗဟုသုတများရှိအောင် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သဖြင့် နိုင်ငံအတွင်း စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း သက်သာမှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် အလေးထား ကိုင်တွယ်ဆောင်ရွက်ရန် လိုကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု၊ မွေးမြူရေး ကုန်ထုတ်လုပ်မှုများကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးဧရိယာများ အပြည့်အဝ စိုက်ပျိုးနိုင်ရေး  တောင်သူများအား ကူညီပေးရန်လိုကြောင်း၊ ပြည်သူများအာဟာရ ပြည့်ဝစွာ စားသုံးနိုင်ပါက ကိုယ်ခံစွမ်းအားများ ကောင်းမွန်လာပြီး ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။

ယခုအချိန်တွင် ကိုဗစ်ဖြစ်ပွားမှုကြောင့် သေဆုံးမှုများဖြစ်ပွားရာ၌ အများစုသည် အဆုပ်ပျက်စီး မှုကြောင့်ဖြစ်ကြောင်း၊ အဆုပ်၊ နှလုံး၊ သွေးတိုးရောဂါရှိသူများ သေဆုံးမှုများကြောင်း၊ ဆေးလိပ် သောက်သုံးမှုများ မပြုလုပ်ရန်အတွက် မိမိအနေဖြင့် အမြဲတိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ လူငယ်၊ လူရွယ်များနှင့် လူကြီးပိုင်းအထိ ဆေးလိပ်သောက်သုံးမှုများ မပြုလုပ်စေရေး ပညာပေးမှုများပြုလုပ်ရန်လိုကြောင်း။

ဘဏ်ချေးငွေများကိုလည်း စီစဉ်ပေးသွားမည်

ပြည်တွင်းဆေးဝါးထုတ်လုပ်မှုနှင့်ပတ်သက်၍ အခြေခံအိမ်သုံးဆေးဝါးများ အား ယေဘူယျအားဖြင့် လုံလောက်စွာထုတ်လုပ်ပြီး  အခြေခံဆေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အလုံအလောက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အချို့ ဆေးဝါးများသည် အရည်အသွေး အားနည်းမှုများရှိသည်ကို သိရှိရကြောင်း၊ ထို့ကြောင့်အာမခံချက် ရှိသည့် ပြည်တွင်းထုတ် ဆေးဝါးများသုံးစွဲနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဆေးဝါးများကို ပြည်တွင်းဆေးဝါး စက်ရုံများမှလိုအပ်သည့် ဆေးဝါးများလုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းစီးပွားရေးနှင့် ပြည်သူများခံစားနေရသည့် သောကများအား လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံများ ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများ က မျက်ခြည်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးနှင့် ပတ်သက်၍ ဆေးဝါးများထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ငွေကြေးအပါအဝင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လိုအပ်သည့် ဘဏ်ချေးငွေများကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကြောင့် ကျဆင်းသွားသည့် စီးပွားရေးများ ပြန်လည်ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မိမိတို့တစ်ဦးချင်းလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် အသုံးပြုရန် လိုအပ်သည် ဖြစ်သော်လည်း အောက်ဆီဂျင်တွင် ဆေးရုံသုံးနှင့် စက်ရုံသုံးဟူ၍ ရှိသဖြင့် မိမိသဘောဆန္ဒ အလျောက် မဆင်မခြင်လုပ်ဆောင်မိပါက အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက်ဖြင့်သာ လိုအပ်သည့် ပမာဏအတိုင်း သုံးစွဲကြစေလိုကြောင်း၊ ကိုဗစ်ဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တရားရုံးမထိုင်နိုင်ဘဲ စိစစ်ရန် ကျန်ရှိနေသည့် အမှုတွဲပေါင်းများစွာရှိနေကြောင်း၊ တရားခွင်တွင် လိုအပ်သည့် သက်သေခံ ပစ္စည်းများ ဥပမာအားဖြင့် ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့သည့် မော်တော်ယာဉ်များကို ထိန်းသိမ်းထား ရှိခြင်းများရှိသဖြင့် သဘာဝဘေးကြောင့် ပျက်စီးမှုများ မဖြစ်ပေါ်စေရေး ထိန်းသိမ်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာများ လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည်များကို တာဝန်ရှိသူများအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ လိုအပ်သည် များရှိပါက တာဝန်ရှိသူများထံသို့ အချိန်နှင့် တပြေးညီတင်ပြကြရန်နှင့် မိမိတို့အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ ကျန်းမာရေးဆိုင်ရာများ၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် ပတ်သက်၍ မလိုလားအပ်သည်များ မဖြစ်ပေါ်လာစေရေး  ကြိုတင်ကာကွယ်ခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)