Skip to main content

နိုင်ငံရေးအမြတ်မထုတ်သင့်သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ

 

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံတွင် လတ်တလောရင်ဆိုင်နေရသည့် စိန်ခေါ်မှု များဖြစ်သည့် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုအခြေအနေ၊ မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ အချက်(၅) ချက်ပါ သဘောတူညီချက်ဆောင်ရွက်နေမှု တိုးတက်မှုအခြေအနေ၊လူသားချင်း စာနာမှုအကူအညီ ပေးရေးဆိုင်ရာ ကိစ္စများနှင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေတို့နှင့် ပတ်သက်၍ ပြည်တွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားပြည်သူတို့၏ အသံများကို နားထောင်ရန်အတွက် ဖြစ်သည်ဟု နိုင်ငံခြားသတင်း ဌာနတစ်ခု၏သတင်းတွင် တွေ့ရသည်။

 

အစည်းအဝေး၏ ရည်ရွယ်ချက်၊ ပါဝင်တက်ရောက်ကြသူများ၊ ဆွေးနွေးခဲ့ကြသည့် အကြောင်း အရာနှင့် အချက်အလက်များ စသည်တို့က လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ပကတိအခြေအနေများကို ထင်ဟပ်ခြင်းမရှိဘဲ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အထင်အမြင် လွဲမှားစေရန် သက်သက်သာဖြစ်သည်။ ပါဝင်တက်ရောက်သူများတွင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် NUG မှကိုယ်စားလှယ်များနှင့် ရာထူးမှ ထုတ်ပယ်ခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသူတို့ ပါဝင်သည့် အတွက် ၎င်းတို့ မည်သည့်အကြောင်းအရာများကို မည်သို့ဆွေးနွေးမည်ဆိုသည်ကို လည်းကောင်း လုပ်ကြံဖန်တီးထားသည့် သတင်းများ၊ လိုရာဆွဲထားသည့် အချက်အလက် များသာ ဖုံးလွှမ်းနေမည်ကိုလည်းကောင်း မမေးဘဲနှင့်ပင် သိနိုင်မည်ဖြစ်သည်။

 

ကုလသမဂ္ဂ၏ အခြေခံမူ (၅)ချက်တွင် အဖွဲ့ဝင်နိုင်ငံအားလုံး သည် အချုပ်အခြာအာဏာပိုင် တန်းတူနိုင်ငံများ ဖြစ်ကြခြင်းကို လည်းကောင်း ကုလသမဂ္ဂသည် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ခြင်းကိုလည်းကောင်း ချမှတ်ထားသည့် အလျောက် အဖွဲ့ဝင်နိုင်ငံတိုင်းက လေးစားလိုက်နာကြရန် လိုအပ်သည်။ နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လူသားများဆိုင်ရာ အခက်အခဲပြဿနာများကို ဖြေရှင်းခြင်း၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်များ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကို ဆောင် ရွက်ရာတွင် ကူညီပံ့ပိုးခြင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းတို့ကသာ ကုလသမဂ္ဂအဖွဲ့ကြီး၏ အနှစ်သာရဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးစ နိုင်ငံ အဘက်ဘက်က အားနည်းချက်များရှိနေသော နိုင်ငံတစ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရခြင်းဖြစ်ရာ မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမည့် အစား ဝိုင်းဝန်းကူညီခြင်းဖြင့် အပြုသဘောဆောင်ကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ လတ်တလောစိန်ခေါ်မှုမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ထိန်းချုပ်တားဆီး နိုင်ရန်ပင်ဖြစ်သည်။ ကမ္ဘာ့အခြား နိုင်ငံများနည်းတူပင် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှု မြန်ဆန်စွာ မြင့်တက်နေမှုမှတစ်ဆင့် ဖြစ်ပေါ်လာ သည့်အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ယင်းအခက်အခဲများကို မိတ်ဆွေနိုင်ငံများ၏ ကူညီမှုများ ပြည်တွင်း ရှိ အင်အားများနှင့် ဖြေရှင်းဆောင်ရွက်လျက်ရှိရာ လာမည့်ရက်သတ္တပတ်အနည်းငယ် အတွင်း ကပ်ရောဂါကို အရှိန်အဟုန် လျော့နည်းကျဆင်းစေကာ ထိန်းချုပ်သွားနိုင်မည့် အလားအလာ ကောင်းများ ရှိနေသလို ကပ်ရောဂါကို နိုင်ငံရေးအတွက် အသုံးချနေပြီး ပြည်သူလူထုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းမနိုင်သိမ်းမရဖြစ်စေရေး ကြိုးပမ်းနေသည့် အဖျက်အဖွဲ့အစည်းများ လည်းရှိနေသည်။ သတင်းအချက်အလက် အမှားဖြင့် နိုင်ငံတကာကို လှည့်ဖြားရန် ပြည်တွင်းရှိ ပြည်သူများကို လိမ်လည်ရန် အားထုတ်နေကြသည့် အဖွဲ့အစည်းများလည်း ရှိနေသည်။

 

ကိုဗစ်- ၁၉ ကပ်ရောဂါကို အကြောင်းပြု၍ နိုင်ငံရေးအမြတ် ထုတ်ရန်နှင့် ပြည်သူကို သားကောင် အဖြစ်ချနင်းရန် ပြည်တွင်း ပြည်ပ၊ အတွင်းအပြင်တို့မှ ကြိုးပမ်းနေသမျှတို့ကို သတိပြုကြရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တို့တွင် ပြည်သူတစ်ရပ်လုံး ပါဝင်ကြစေရေး တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။ ။