နေပြည်တော် ဇူလိုင် ၃၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ် ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများ ရုံးပိတ်ရက်မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အများပြည်သူ အလုပ်ပိတ်ရက် ရှည်ဖြစ်သည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၈ ရက်အထိ ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)ရုံးများသို့ ပို့ကုန်သွင်းကုန် လိုင်စင်လာရောက် လျှောက်ထားမှုများကို ပုံမှန်အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၄၈၉၆)ခု၊ Test Kit (၉၀၀) အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ ကျိုင်းတုံ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးဖြင့် (၁၈) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၂၁) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၅၃၉၉)ခု၊ နှာခေါင်းစည်း (Mask) (၉၄) တန်တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ (၂၉)ခုမှ ယာဉ်စီးရေ (၅၅) စီးဖြင့် တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ၃၀ ရက်အထိ ယာဉ်စီးရေ(၆၉၂)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၆၈၈) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၅၅၆)တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (၅၉၂၇၄)ခု၊ Test Kit (၃၀၆၉၇၈) ခု၊ နှာခေါင်းစည်း (Mask) (၉၆၃) တန် ၊ Oxygen Plant (၆) ခု၊ Oxygen Generator (၁၁) ခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိ သူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များနှင့် အသိပေး ကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)