နေပြည်တော်၊ ဇူလိုင် ၃၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် ဖြစ်ပွားလာနိုင်သည့် ရောဂါများ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုကာလတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများအပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ပြည်သူများ ယာယီစခန်း များသို့ ခေတ္တရွှေ့ပြောင်း နေထိုင်ကြရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုများ မဖြစ်ပွား စေရေးနှင့် အခြားသော ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် လုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာ ဒေသများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ လက်သန့်ဆေးရည် (Hand Sanitizer Gel) များ အလုံအလောက် မြန်မြန်ဆန်ဆန် ဝေငှသွားရမည်ဖြစ်ကြောင်း၊ ယာယီစခန်းများတွင် ကျန်းမာရေး အသိပညာပေးခြင်းများအပြင် လက်ဆေးရန်နေရာများ ပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊ ရေသန့်စင် ဆေးပြားနှင့် ဆေးမှုန့်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွင် အသုံးပြုသည့် ဆေးဝါးများနှင့် ဓာတ်ဆား ထုပ်များ၊ မြွေဆိပ်ဖြေဆေးနှင့် ဆေးဝါးများကို ကြိုတင်ပြင်ဆင်ထားရှိမှုများကို သေချာစေရန်ဆောင်ရွက်ပြီး ထပ်မံလိုအပ်ချက်ရှိပါကလည်း အချိန်နှင့် တစ်ပြေးညီ စီစဉ်ထားရှိရမည် ဖြစ်ကြောင်း၊
ယခုဒေသများသည် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကျဒေသများ ဖြစ်သည့်အလျောက် မိမိတို့ဒေသများတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ မပျက်စီးစေရန် ကြိုတင်စီမံဆောင်ရွက် ထားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အထူးဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အသုတ်လိုက် ထပ်မံရောက်ရှိ လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် သတ်မှတ်အုပ်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း၊ ထိုသို့ ထိုးနှံရာတွင် လုပ်ငန်းလမ်းညွှန်များနှင့် အညီစနစ်တကျဆောင်ရွက်ရန်နှင့် စာရင်းဇယားများ သေချာစွာပြုလုပ်ထားရှိရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အောက်ဆီ ဂျင်ထုတ်သည့်စက် (Oxygen Plant) များ ထပ်မံတည်ဆောက်ခြင်း၊ အောက်ဆီဂျင်များ ဝယ်ယူဖြန့်ဖြူးခြင်းတို့ကို တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်များ ပိုမိုပေးအပ်နိုင်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကုသရေး ဌာနများလည်း ထပ်မံတိုးချဲ့ လျက်ရှိပြီး ကုသရေးဌာနများရှိလူနာများ ဆေရုံသို့မလွှဲပြောင်းမီ အချိန်တွင် ဆေးရုံတွင်ကုသသကဲ့သို့ ကုသမှုရရှိစေရန် ဆေးဝါးနှင့်ဆေးပစ္စည်းများလည်း ထပ်မံဖြည့်ဆည်းပေးထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ အနေဖြင့် လုပ်ငန်း လိုအပ်ချက်များကို တင်ပြတောင်းခံရန်နှင့် ဝန်ကြီးဌာန အနေဖြင့် အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဗဟိုမှပေးပို့လာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကို မိမိတို့၏ ကာကွယ်ဆေး သိုလှောင်ရုံ အအေးလမ်းကြောင်းများတွင် ထားသိုခြင်းနှင့် မြို့နယ်များသို့ ထပ်ဆင့်ဖြန့်ဝေ ပေးခြင်းတို့အပြင် ကာကွယ်ဆေးများကို အအေးလမ်းကြောင်း မပြတ်ဘဲ ပိုမိုထားသိုနိုင်ရန် အတွက် တပ်မတော်ဆေးရုံများရှိ Cold Chain Systemများနှင့် ချိတ်ဆက်၍ ဆောင်ရွက် ကြရန်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် အသက် (၆၅) နှစ်အထက်များ သာမက သတ်မှတ်အုပ်စုများအားလုံးကို ထိုးနှံကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု အဖွဲ့များဖွဲ့စည်းထားရှိရာတွင် စေတနာ့ ဝန်ထမ်းများ ထပ်မံလိုအပ်ပါက သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးစီးလမ်းညွှန် ပံ့ပိုးမှုဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူ များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်မျာတွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များ ဖြစ်ပွားမှု၊ ယာယီ စခန်းများတွင် ကျန်းမာရေးစောင့်ရှောက် ပေးနေမှု၊ ကူးစက်ရောဂါများဖြစ်ပွားမှု မရှိစေရေး အတွက် ရောဂါကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှု စနစ် ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများရရှိမှု၊ ထားသိုမှုနှင့် ဖြန့်ဖြူးမှု၊ ကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်များ ပိုမိုရရှိစေရေး ဆောင်ရွက်နေမှုလုပ်ငန်းများ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေမှုတို့ကို လည်းကောင်း တင်ပြခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်)နှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားဖြည့်စည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)