Skip to main content

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အရေးပေါ်ကာလအတွင်း ပို့ဆောင်ရေးဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၃၀ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါဖြစ်ပွားမှု အရေးပေါ်ကာလ အတွင်း ပြည်သူများသွားလာရခက်ခဲပြီး၊ လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခြင်း မရှိစေရန် အတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကို Coronovirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ယာဉ် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ကာလအတွင်း လေယာဉ်ပြေးဆွဲမှုများကို Stay at home သတ်မှတ်ထားသည့် မြို့များမှအပ ပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်/လမ်းကြောင်းများအတိုင်း ပြေးဆွဲလျက်ရှိပြီး ရုံးပိတ် ရက်ကာလဖြစ်သော ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ ပြည်ပသို့ Relief Flight (၁၆၇) ခေါက်၊ ခရီးသည် (၄၆၂၉)ဦး၊ ကုန်စည် (၃၀၃၀၈၇၂)ကီလိုကိုလည်းကောင်း၊ ပြည်တွင်းမြို့များသို့ ခရီးစဉ် (၆၄) ခေါက်၊ ခရီးသည် (၃၇၁၅)ဦးကိုလည်းကောင်း ပျံသန်းပို့ဆောင်ပေးခဲ့သည်။ ရေယာဉ်များ ပြေးဆွဲပေးမှုအနေဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ရန်ကုန်-ဒလ၊ ဝါးတန်း-ဒလ၊ လပ္ပတ္တလုပ်-ရေပေါ်ကြီး၊ ကျုံသွယ်- ဇီးဖြူချောင်း ခရီးစဉ်များကို ပုံမှန်ပြေးဆွဲ ပေးလျက်ရှိပြီး မန္တလေး-ဗန်းမော်နှင့် ရခိုင်ပြည်နယ်အတွင်း ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပေး လျက်ရှိသည်။ ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ ရေယာဉ်ခရီးစဉ်အသီးသီးအတွက် (၄၃၉)ခေါက် ပြေးဆွဲခဲ့ပြီး၊ ခရီးသည် (၄၆၇၉၉) ဦး၊ ကုန်စည် (၂၅၈၁) တန်ကို ပို့ဆောင်ပေးခဲ့သည်။ မြန်မာ့မီးရထားအနေဖြင့် ရုံးပိတ်ရက်မတိုင်မီက ခရီးစဉ်အသီးသီးသို့ ပုံမှန် (၃၆)စင်း နေ့စဉ် ပြေးဆွဲခဲ့ရာမှ ဇူလိုင် ၁၉ ရက်မှစတင်၍ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် စာပို့ရထား (၂)စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထား (၁)စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် စာပို့ရထား (၁)စင်း၊ ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် RBE ရထား(၁၂)စင်း၊ စုစုပေါင်း (၁၈)စင်းကို နေ့စဉ် ပြေးဆွဲပေးလျက် ရှိသည်။ ကုန်ရထားပြေးဆွဲမှုအနေဖြင့် ဇူလိုင် ၁၉ ရက်မှစ၍ ယနေ့အထိ ကုန်သေတ္တာရထား (၈)စင်း၊ အထွေထွေကုန်ရထား (၄)စင်း၊ ကျောက်ရထား (၇)စင်း၊ ကွန်ကရစ်ဇလီဖားတင်ရထား (၃)စင်း စုစုပေါင်း (၂၂)စင်း ပြေးဆွဲပေးခဲ့သည်။ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များ ပြေးဆွဲမှုအနေဖြင့် ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ခရီးသည်ယာဉ် (၂၅၉၆) စီး၊ ခရီးသည် (၁၂၀၆၄) ဦး၊ ကုန်တင်ယာဉ် (၂၁၇၈၁) စီး၊ ကုန်စည် (၁၉၂၂၆၄)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့သည်။ လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ကို ကုန်စည် စီးဆင်းမှု ချောမွေ့စေရန်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး၊ ကူးစက်ရောဂါပြန့်ပွားမှုကြောင့် ခရီးသည်ပို့ဆောင်ရေးအား ခရီးသည်လျော့ပါးမှုအပေါ်မူတည်၍ ခေါက်ရေလျှော့ချ ပြေးဆွဲပေး လျက်ရှိသည်။ နိုင်ငံတကာ ကုန်သွယ်ရေယာဉ်များ ဝင်/ထွက်မှုအနေဖြင့် ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ ရန်ကုန်နှင့်သီလဝါ ဆိပ်ကမ်းတံတား အသီးသီးသို့ ကုန်သွယ်ရေယာဉ် အဝင် (၃၅)စီး၊ အထွက် (၂၁)စီး၊ ကုန်သေတ္တာ အဝင် (၁၃၇၀၀)TEU၊ အထွက် (၁၀၆၇၁)TEU ၊ အထွေထွေကုန်စည် အဝင် (၂၅၉၄၅၄) မက်ထရစ်တန်၊ အထွက် (၂၂၄၀၁)မက်ထရစ်တန် ရှိခဲ့သည်။ ထို့အပြင် ပင်လယ်ရေကြောင်းဖြင့် တင်သွင်းရောက်ရှိလာသည့် ကူးစက်ရောဂါကာကွယ်ရေး ဆေးနှင့် ဆေးပစ္စည်းများကို ပြည်သူများ လက်ဝယ်သို့ အမြန်ဆုံးထုတ်ပေး နိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများဖြင့် (၂၄)နာရီ တာဝန်ချထား ဆောင်ရွက်ပေးလျက် ရှိသည်။ ပြည်သူများ၏ Qxygen လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးအတွက် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ ပြည်ပမှတင်သွင်းသည့် Liquid Oxygen များ၊ Liquid Oxygen နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသော တရုတ်-မြန်မာ နယ်စပ်ဝင်/ထွက်ပေါက် ကျင်စန်းကျော့မှ မော်တော်ယာဉ် (၈၁)စီး၊ မြန်မာ-ထိုင်း နယ်စပ် ဝင်/ထွက်ပေါက် မြဝတီမှ မော်တော်ယာဉ် (၃၉)စီးတို့ကို နယ်စပ် ဝင်/ ထွက် ဂိတ်များတွင် လွယ်ကူချောမွေ့စေရေးနှင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ သွားရောက်နိုင်ရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုနှစ်ကုန်တွင် နိုင်ငံ့လူဦးရေ၏(၅၀ ရာခိုင်နှုန်း)မှ (၇၀ ရာခိုင်နှုန်း) အထိ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက် လျက်ရှိရာ ရောက်ရှိလာသော ကာကွယ်ဆေးများ၊ အထောက်အကူပစ္စည်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ပြည်တွင်းလေကြောင်းလိုင်းများ၏ လေယာဉ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် (၉) ခု၊ မြို့နယ် (၁၇) မြို့နယ်တွင် ကုန်တင်မော်တော်ယာဉ် အစီး(၅၀)ဖြင့် တစ်ကြိမ်လျှင်(၂၈၄)တန် သယ်ယူပို့ဆောင်ပေးနိုင်ရန်ကိုလည်း ပြင်ဆင်ထားရှိပြီး ဖြစ်ပါကြောင်းနှင့် ရောဂါဖြစ်ပွားမှုကာလအတွင်း မဖြစ်မနေသွားလာရမည့် ပြည်သူများ၏ ခရီးသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု၊ ကူးသန်းသွားလာမှုနှင့် ရောင်းဝယ် ဖောက်ကားမှုများ မပြတ်တောက်စေရေးတို့အတွက် ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)