နေပြည်တော် ဇူလိုင် ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရှိ စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသီးနှံသုတေသနဗဟိုဌာနသည် မြန်မာနိုင်ငံ ရေ၊ မြေ ဒေသ အသီးသီးအတွက် သင့်လျှော်သော စပါးသီးနှံမျိုးသစ်များရရှိရန်အတွက် စဉ်ဆက်မပြတ် သုတေသန ပြုဆောင်ရွက်ခဲ့ကြရာ ဆည်ရေသောက်စပါး (၃၄ မျိုး)၊ မိုးရေသောက်စပါး (၃၉ မျိုး)၊ ရေငတ်ခံစပါး (၉ မျိုး)၊ ရေအနည်းလိုစပါး(၉ မျိုး)၊ ရေနက်ခံစပါး (၈ မျိုး)၊ ရေမြုပ်ခံစပါး (၄ မျိုး)၊ ဆားငံဒဏ်ခံစပါး (၉ မျိုး)၊ တောင်ပေါ်ယာစပါး (၆ မျိုး)၊ အရည်အသွေးကောင်းစပါး (၁၃ မျိုး) တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသော စပါးမျိုးသစ်များ ရရှိရန်၊ စျေးကွက်ဝင် အရည်အသွေးကောင်း စပါးမျိုးသစ်များရရှိရန်နှင့် အဟာရဓါတ် ပြည့်ဝသော စပါးမျိုးသစ်များ ရရှိရန်အတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် အဟာရပြည့်ဝရေးအစီအစဉ်အောက်တွင် စီမံကိန်းပေါင်း (၁၃ ခု၊ သုတေသနခွဲပေါင်း ၃၃ ခု)နှင့် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုအစီအစဉ်အောက်တွင် မျိုးမွေးမြူ ရွေးချယ်ခြင်း စီမံကိန်းပေါင်း (၁၈ ခု၊ သုတေသန ခွဲပေါင်း ၃၈ ခု) ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မျိုးမွေးမြူရေးသုတေသနများကို Marker Assisted Hybridization and Selection, Tissue Culture, Mutation, Introduction နည်းပညာများကို အသုံးပြု၍ ဆောင်ရွက်နေပြီး ကွင်း သုတေသနတွေ့ရှိချက်များကို ဓါတ်ခွဲခန်းသုတေသနများ (မော်လီကျူလာ၊ အရည်အသွေး ဓါတ်ခွဲခန်းတွေ့ရှိချက်များ) နှင့်အတူ ပေါင်းစပ်၍ တောင်သူများအတွက် အကျိုးဖြစ်ထွန်းမည့် မျိုးလိုင်းသစ်များကို သုတေသနပြု ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)