Skip to main content

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဆုံး ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော် ဇူလိုင် ၂၉

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အများပြည်သူ အလုပ်ပိတ်ရက်ရှည် ဖြစ်သည့် ဇူလိုင် ၂၆  ရက်မှ ဩဂုတ်  ရက်အထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန် သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)ရုံးများသို့ ပို့ကုန်သွင်းကုန်လိုင်စင် လာရောက်လျှောက်ထားမှုများကို ပုံမှန် အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၈၂၀၁) ခု ၊ Test Kit (၃၀၃၀၀) အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ ကျိုင်းတုံ၊ ကော့သောင်း၊ တာချီလိတ်၊ မြဝတီ ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည်  (Bowser) ယာဉ် (၂) စီးဖြင့် (၃၉) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၂၃) တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၉၁၉၁) ခု ၊ နှာခေါင်းစီး (Mask) (၇၂) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ (၃၉)ခုမှ ယာဉ်စီးရေ (၈၈) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ မှ ယနေ့အထိ ယာဉ်စီးရေ(၆၃၇)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် တန် (၆၇၀)၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၅၁၇)တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (၅၃၈၇၅)ခု၊ Test Kit (၃၀၆၀၇၈) ခု၊ နှာခေါင်းစီး (Mask) (၈၆၉) တန် ၊ Oxygen Plant (၅) ခု၊ Oxygen Generator (၉) ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

(သတင်းစဉ်)