Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထောက်ထား ညှာတာမှုကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်းများ လုပ်ဆောင်နေ သည့် အကြမ်းဖက် သောင်းကျန်းသူများအနက် ၅၃ ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိ

နေပြည်တော် ၊ ဇူလိုင် ၂၉

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက် လျက်ရှိသောကြောင့် တာဝန်ရှိသူများက ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် CRPH၊ NUGနှင့် PDF အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်နှင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားကို ပျက်ပြားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသော လမ်းများ၌ မိုင်းထောင် ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ကို ထောက်ထား ညှာတာမှုကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၂၈ ရက်နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်း မြို့နယ်၊ ပန်းဆက်ကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူအင်အား ၃၀၀ ဦးခန့်သည် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာမှ ဦးကုလား(ဘ) ဦးစိန်ဝင်းတွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦးတွင် (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူ ၁၀၀ ဦးခန့်သည် ပန်းဆက် ကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ တောင်ဖြူကျေးရွာ အနီးတစ်ဝိုက်သို့ ရောက်ရှိလာသဖြင့် အဆိုပါကျေးရွာမှ တာဝန်သိကျေးရွာသားများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူအလောင်း ၃ လောင်း၊ တူမီးသေနတ် ၅၀ လက်အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ ၅၃ ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ကနီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များသည် ဇူလိုင် ၂၆ ရက် ညနေ ၆ နာရီခန့်တွင် မုံရွာ- ယာကြီးကျေးရွာသွား ကားလမ်း၏တောင်ဘက် ဇီးပင်တွင်းကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာသို့အရောက်၌ အကြမ်းဖက်သောင်းကျန်းသူ ၁၀၀ ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အကြမ်းဖက် သောင်းကျန်းသူ အလောင်း ၉လောင်းနှင့်အတူ တူမီးသေနတ် ၂၂ လက်၊ လက်လုပ်မိုင်း ၂ လုံးနှင့် လက်ပစ်ဗုံး ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ များ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။