မန္တလေး ဇူလိုင် ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်သူများက မြန်မာနိုင်ငံမှ ကိုဗစ်လူနာများ ကုသရာတွင် အသုံးပြုရန် အောက်ဆီဂျင်အရည် (Liquid Oxygen) တန် ၂၀၀ လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီကမန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးတွင် ကျင်းပသည်။
လှူဒါန်းပွဲသို့ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဦးမျိုးအောင်၊ ဦးသိန်းဌေး၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုရန်ပုံငွေ ရှာဖွေရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ ယူနန် ပြည်သူများက လှူဒါန်းသည့် Liquid Oxygen တန် ၂၀၀ နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက လွှဲပြောင်းပေးအပ်ရာ ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ် ကြီးတို့က လက်ခံပြီး ကျေးဇူးတင်စကား ပြောကြား သည်။
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် အလှူရှင် များက လှူဒါန်းလျက်ရှိရာ အဆိုပါ ဆေးရုံကြီးရှိ LIQUID OXYGEN PLANT သို့ ဇူလိုင် ၁၇ ရက်တွင် ပြည်သူ့ကျန်းမာရေး နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေ ရေးကော်မတီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Liquid Oxygen ၂၆ တန်ကို လည်းကောင်း၊ ဇူလိုင် ၂၁ ရက်တွင် အလှူရှင် ဦးခိုင်ဇော်ဆွေ နှင့်ဇနီး ဒေါ်သက်သက်လှိုင် မိသားစုက မြဝတီမှ Liquid Oxygenတန် ၂၀ ကိုလည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် ပြည်သူ့ ကျန်းမာရေးနှင့် မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ လီတာ ၄၀ Oxygen Cylinder အလွတ်ဘူး ၁၂၀၀ ကို မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီသို့ လည်း ကောင်း၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက Liquid Oxygen ၅ တန်တို့ကို လည်းကောင်း လှူဒါန်း ပြီးဖြစ် ကြောင်းသိရသည်။
သတင်းစဉ်