Skip to main content

ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့်အခြေအနေများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပူးပေါင်းထောက်ပံ့ကူညီမှုများ ဆောလျင်စွာဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၇

ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် သက်ဆိုင်ရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီများနှင့် ပူးပေါင်းထောက်ပံ့ကူညီမှုများ ဆောလျင်စွာဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Online ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊  ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း  အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလတွင် ပြည်နယ်အချို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် ထိခိုက်ဆုံးရှုံးမှုများတတ်နိုင်သမျှ လျော့နည်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေဘေးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အထောက် အကူပြုပစ္စည်းများအား လိုအပ်မှုအခြေအနေပေါ် မူတည်၍ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင် ခြင်းဆိုင်ရာလုပ်ငန်းများအားလည်း သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၁ခုနှစ် ဇူလိုင်လ တတိယပတ်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာင်္သာရီ တိုင်းဒေသကြီးတို့ရပ်ကွက်/ကျေးရွာများသို့ ရေဝင် ရောက်မှု ဖြစ်ပွားခဲ့မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးများက ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အခြားတိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများကသဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ခန့်မှန်း ထုတ်ပြန်ချက်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၏ ရာသီဥတု Website များအား စိစစ်လေ့လာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသဖြင့် လာမည့်ရက်များအတွင်း ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးရေချိန် ၃ လက်မမှ ၈လက်မ အတွင်း ဒေသအလိုက် မိုးကြီးနိုင်ခြင်း၊ အခြား တိုင်းဒေသကြီး/ ပြည်နယ်များတွင် မိုးရေချိန် ၁ လက်မမှ ၅ လက်မအတွင်း နေရာအနှံ့အပြား မိုးရွာသွန်းမှုများပြားနိုင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ် နိုင်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနမှဖြန့်ဝေအသိပေးထားသည့်ရေဘေးအသိပညာ ပေးစာစောင်တွင် အကြံပြုထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် ပြည်သူများအနေဖြင့်  အကူအညီလိုအပ်ပါကဒေသအလိုက်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)  Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူအညီတောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထပ်လောင်းနှိုးဆော်ထားကြောင်း သိရသည်။

သတင်းစဉ်