နေပြည်တော် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၅၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ဝဝဝ ကီလိုနှင့် ကတ်တမင်း ကီလို ၅၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခွဲ တွင် ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင်သွား ကားလမ်း မရမ်းချောင်ကျေးရွာ၊ မိုင်တိုင်အမှတ်(၉၇) အနီးတွင် စစ်တောင်း တံတားဘက်မှ ကျိုက်ထို ဘက်သို့ ယာဉ်မောင်း မောင်မောင်လေး(၃၈နှစ်) မောင်းနှင်ပြီး အေးချမ်း(၃၂နှစ်) လိုက်ပါလာသည့် NISSAN UD ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို ရပ်တန့် ရှာဖွေစစ်ဆေးရာ ဒေသကာလတန်ဖိုး ငွေကျပ် ၅၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ကီလို၁၀၀၀ နှင့် ကတ်တမင်း ကီလို ၅၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြား ၁၃၃ လမ်းအမှတ်(နန/ ၄-၃၈)ရှိနေအိမ်တွင် နိုင်ဝင်း(၄၇နှစ်)ကို လည်းကောင်း၊ လားရှိုးမြို့ အမှတ်(၄) ရပ်ကွက် ရဲဘော်လမ်း အမှတ်(၆/၆)ရှိ နေအိမ်တွင် ဝင်းနိုင်(၅၀နှစ်)ကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်