မြဝတီ ဇူလိုင် ၁၉
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်စီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် Liquid Oxygen အရည် ၁၆ ဒဿမ ၀၂ တန် သယ်ဆောင်လာသော မော်တော်ယာဉ်သည် ယနေ့ ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြဝတီကုန်သွယ်ရေးဇုန်မှ ထွက်ခွာသွားကြောင်း သိရသည်။
ထိုသို့ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးတွင် အဓိက လိုအပ်လျက်ရှိသည့် Liquid Oxygen အရည် တင်သွင်းလာမှုအား ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ ပြည်သူများလက်ဝယ် အမြန်ရောက်ရှိစေရေးအတွက် အချိန်ကြန့်ကြာမှုမရှိ လွယ်ကူလျင်မြန်စေရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လတ်တလော ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်လျက်ရှိသည့် Oxygen Concentrator များတင်သွင်းမှုအတွက် FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သည့်အပြင် အကောက်ခွန် သုံးရာခိုင်နှုန်းအတွက်လည်း လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျှော့ခွင့်ပြုပေးထားကြောင်းလည်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရသည်။
နယ်စပ်စခန်းများမှတစ်ဆင့် ပြည်တွင်းသို့ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ Oxygen (အရည်) လီတာ ၄၉ သန်း၊ အိမ်သုံး Oxygen Concentrator (၆၅၀၅)ခု၊ Mask (၂၉၀)တန် တင်သွင်းနိုင်ခဲ့ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ထိန်လင်းအောင်
နောက်ဆုံးရသတင်းများ

08 Sep, 2025

08 Sep, 2025