Skip to main content

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဒုတိယမြောက်အစီးအဖြစ် ဆက်လက်ပို့ဆောင်မည့် Liquid Oxygen အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ် မြဝတီနယ်စပ်မှ ဆက်လက်ထွက်ခွာ

မြဝတီ ဇူလိုင် ၁၉ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်စီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဒုတိယမြောက်အစီးအဖြစ် ဆက်လက် ပို့ဆောင်မည့် Liquid Oxygen အရည် တန် ၂၀ သယ်ဆောင်လာသော မော်တော် ယာဉ်သည် ယနေ့ မွန်းလွဲ ၃ နာရီခန့်က မြဝတီကုန်သွယ်ရေးဇုန်မှ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။ ထိုသို့ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးတွင် အဓိက လိုအပ်လျက်ရှိသည့် Liquid Oxygen အရည် တင်သွင်းလာမှုအား ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ ပြည်သူများလက်ဝယ် အမြန်ရောက်ရှိစေရေးအတွက် အချိန်ကြန့်ကြာမှု မရှိ လွယ်ကူလျင်မြန်စေရေး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြဝတီနယ်စပ်မှ Liquid Oxygen အရည်သယ်ဆောင်သော မော်တော်ယာဉ်များ ထွက်ခွာလျက်ရှိရာ ယခု ထွက်ခွာသောယာဉ်မှာ သုံးစီးမြောက် ယာဉ်ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွက် ဒုတိယမြောက် အစီးလည်း ဖြစ်သည်။ ထို့အပြင် လတ်တလော ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်လျက်ရှိသည့် Oxygen Concentrator များ တင်သွင်းမှုအတွက် FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သည့်အပြင် အကောက်ခွန် သုံးရာခိုင်နှုန်းအတွက်လည်း လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျှော့ခွင့်ပြုပေးထားကြောင်းလည်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရသည်။ နယ်စပ်စခန်းများမှတစ်ဆင့် ပြည်တွင်းသို့ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ Oxygen(အရည်) လီတာ ၄၉ သန်း၊ အိမ်သုံး Oxygen Concentrator (၆၅၀၅)ခု၊ Mask (၂၉၀)တန် တင်သွင်းနိုင်ခဲ့ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ထိန်လင်းအောင်