နေပြည်တော် ဇူလိုင် ၁၈
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။ ။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ အထွေထွေရောဂါ ကုဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သား များက အောက်ဆီဂျင်အိုး အလုံး ၅၀ ကိုလည်းကောင်း၊ ကချင်ပြည်နယ် မိုးမိတ်မြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်စင်တာသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးမိတ်တပ်နယ်မှ တပ်မတော် သားများက အောက်ဆီဂျင် အလုံး၂၀ ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် တာဝန်ရှိ သူများက Oxygen concentrator နှစ်လုံး၊ Oxygen clinder လီတာ ၄၀ အိုး ၁၀ လုံးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံသို့ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုးအလုံး ၁၃၀ ကို လည်းကောင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၃ လုံးနှင့် အမ်းမြို့ ပြည်သူ့ဆေးရုံ သို့ အောက်ဆီဂျင်အိုး ၄၇ လုံးတို့ကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး အလုံး ၇၀ ကိုလည်းကောင်း အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်ဆီဂျင်ကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် အောက်ဆီဂျင်များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရှိအများပိုင်ကုမ္ပဏီ (ဂန္တမာ)အောက်ဆီဂျင်၌ အောက်ဆီဂျင်ထုတ်လုပ် လည်ပတ်နေမှု များကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိ သူများက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၁)ရှိ ယူနီတီ အောက်ဆီဂျင်၌ consis Shwe Byain Phyu Co.Ltd မှ လှူဒါန်းသည့် Liquid Oxygen များကို အောက်ဆီဂျင်အိုးများအတွင်း ဖြည့်သွင်း၍ ပြည်သူလူထုထံသို့ ပေးအပ်လှူဒါန်းနေမှုများကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများကလည်ကောင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ရှိ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှု များကို စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက လည်းကောင်း သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ ကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီနှစ်ခုမှ တင်သွင်းလာသည့် လီတာ ၄၀ ဆံ့အောက်ဆီဂျင်အိုး ၇၈၂ လုံးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့ရှိ နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားသို့ လည်းကောင်း၊ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်ပမှမှာယူထားသည့် အောက်ဆီဂျင် အလုံး ၅၀ သည် ထားဝယ်မြို့ သို့လည်းကောင်း၊ လီတာ ၄၀ ဆုံ အောက်ဆီဂျင်အိုး ၃၂၆ လုံးသည် မြဝတီမြို့သို့ လည်းကောင်း ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက် ပို့ဆောင်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်