Skip to main content

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၁၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၄)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ကျင်းပသည်။

လိုက်နာဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုအခါ မိမိတို့နိုင်ငံ အတွင်း COVID-19 တတိယလှိုင်း ဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှု မြင့်တက်လာသည့်အတွက် ရောဂါကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်ရန်နှင့် ကူးစက်မှု လျော့နည်း စေရေးအတွက် သက်ဆိုင်ရာမြို့နယ်များအား Stay at Home သတ်မှတ်ခြင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီမှလည်း ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိကို အများပြည်သူတို့၏ အလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ ပြည်သူများအနေဖြင့် ရုံးပိတ်ရက်ရှည် ကာလအတွင်း ခရီးသွားလာခြင်းမပြုဘဲ မိမိတို့၏ နေအိမ် သို့မဟုတ် အဆောင်များတွင် နေထိုင်ခြင်းဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်မှအပ ခရီးမသွားရန်နှင့် ယခုရုံးပိတ်ရက်ရှည်အတွင်း မိမိအိမ်တွင်မိမိနေထိုင်ခြင်း၊ မိမိအိမ်သို့ မလိုအပ်ဘဲ ဧည့်သည်လက်မခံခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး တာဝန် တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက်သွားရန်၊ ဆေးရုံများအနေဖြင့် လူနာလက်ခံရာတွင် မလိုလားအပ်သော နှောင့်နှေးမှုများ မရှိစေရေးနှင့် ဦးစားပေးလူနာအလိုက် အ‌ရေးပေါ်ကုသမှု ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

ပုဂ္ဂလိက ဆေးရုံများမှလည်း COVID-19 လူနာများအားလက်ခံကုသပေးသွား ရမည်ဖြစ်ပါ ကြောင်း၊ COVID-19 ရောဂါကုသမှုနှင့် သက်ဆိုင်သည့် အရေးကြီးဆေးဝါးနှင့် ဆေးပစ္စည်း များမပြတ်လပ်စေရေးနှင့် အခက် အခဲမရှိ စေရေး အထူးဂရုပြုစီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။တိုင်း‌ဒေသကြီးနှင့်ပြည်နယ် များအလိုက် အောက်စီဂျင်လိုအပ်ချက်ကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ်ကိစ္စရပ်နှင့်ပတ်သက်၍ Volunteer များ၊ ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင် ဝန်ထမ်းများအား ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားပါကြောင်း၊ လုပ်ငန်းခွင်မှ ပျက်ကွက်နေသူများ အနေဖြင့် မိခင်ဝန်ကြီးဌာနသို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်လိုပါက စိုးရိမ်ကြောင့် ကြမှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ပြီး ပြည်သူ့ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးဌာန များတွင် တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်းမှ ရပ်ဆိုင်း ခံထားရသည့် သင်တန်းသားများ ပြန်လည်သင်တန်းတက်ရောက်လိုပါက သတ်မှတ်ထား သည့်ရက်အတွင်း ပြန်လည်လျှောက်ထားပါက သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် လက်ခံနိုင် ရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ပေါင်းစပ်ညှိနှိုင်း

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက COVID-19ရောဂါကုသရေးဌာနများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သားဖွားဆရာမ ရာထူးနေရာ(၁၀၀၀) အမြန်ဆုံးခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ပြည်သူ့ဆေးရုံများနှင့် COVID-19ရောဂါ ကုသရေး ဌာနများသို့ နေ့စဉ် အောက်စီဂျင်တင်သွင်းဖြန့်ဝေမှုအခြေအနေများ၊ ရရှိပြီးဆေးနှင့် Test Kit များ အချိန်မီဖြန့်ဝေနေမှု အခြေအနေတို့အားတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့် ဒုတိယညွှန်ကြား ရေးမှူး ချုပ်များ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်