Skip to main content

ရေပေးဝေရေး စီမံကိန်းစတင်ခြင်း မြေသန့်မင်္ဂလာနှင့်ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ

မန္တလေး ဇူလိုင် ၁၁

 

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ် ရေပေးရေးစီမံကိန်း လုပ်ငန်း စတင်ခြင်း မြေသန့်မင်္ဂလာနှင့် ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ စီမံကိန်းတည်ရှိရာ ပြည်ကြီးတံခွန်မြို့နယ် (ဆဆ၃၆) ၅၆ လမ်းနှင့် ၅၇ လမ်းကြား ၊ ၁၂၇ လမ်းနှင့် ၁၂၈ လမ်းကြားရှိ ပြည်ကြီးမန္တလာပန်းခြံအနီး ဘောလုံး ကွင်းအတွင်း မြေနေရာ၌ ကျင်းပသည်။

 

ရှေးဦးစွာ မင်္ဂလာအချိန်တွင် ပြင်ဦးလွင်မြို့ အောင်ချမ်းသာရပ် ဝိပသီတရားဓမ္မရိပ်သာကျောင်း ဆရာတော် ဘဒ္ဒန္တပညိန္ဒ အမှူးပြုသော ဆရာတော် ငါးပါးတို့က ပရိတ်ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်၍ မြေသန့်မင်္ဂလာ ပြုလုပ်ပေးတော်မူကြပြီး မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

 

ဆက်လက်၍ မင်္ဂလာအချိန်တွင် စီမံကိန်း၏ (ပေ ၂၀၀ x ပေ ၁၀၀) ရေကြမ်းစုကန် တူးဖော်ခြင်း မင်္ဂလာကို သတ်မှတ်နေရာအသီးသီး၌ စက်ယန္တရား များဖြင့် စတင်ဆောင်ရွက်ခဲ့ကြပြီး မြို့တော်ဝန်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကြသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်းနှင့် အမှတ် (၆) ရေဆိုးပစ်မြောင်း ဆုံရာနေရာတွင် ပိုက်လိုင်း ဆက်သွယ်ဆောင်ရွက်ရန်နေရာနှင့် အမရပူရမြို့နယ် တမုတ်ဆိုးရေမြောင်း ရေစီးရေလာ အခြေအနေတို့ကို လည်းကောင်း၊ အမရပူရမြို့နယ် ရွှေခဲရေဆိုးထုတ် စက်ရုံအနီး၊ ပိုးရေစွန့်ထုတ်စီမံကိန်းရှေ့ ကမ်းနား လမ်း တာရိုးကို ယခင်နှစ်က တာရိုးကျိုးပေါက်မှု ဖြစ်ပေါ်မှု Sheet Pile များ ရိုက်သွင်း၍ ရေထိန်း နံရံပြုလုပ် ဆောင်ရွက်ထားမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်