မန္တလေး ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင်စက်ရုံ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး နှစ်ထပ်ဆောင် အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
တက်ရောက်
အစည်းအဝေးသို့ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို၊ အဖွဲ့ ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဦးသိန်းဌေး၊ မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံ လုပ်ငန်းရှင် များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုပမာဏနှင့် ကိုဗစ်ရောဂါလူနာများ အတွက် အောက်ဆီဂျင် လိုအပ်မှုနှိုင်းယှဉ်ပါက အောက်ဆီဂျင်လိုအပ်ချက် များစွာရှိကြောင်း၊ ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး စီမံထားရှိရန်နှင့် လုပ်ငန်းချဲ့ထွင်လိုပါက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ လူနာများကို ကုသကယ်တင်ရာတွင် အဓိကအထောက်အကူပြုပြီး မိမိတို့အတွက်လည်း ကောင်းမှုကုသိုလ်ရရှိစေသော လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိအကျိုးစီးပွားအတွက်လည်း လုပ်ကိုင်ပြီး လူသားအားလုံး၏ အကျိုးကိုလည်း ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အရေးကြီးသောထုတ်လုပ်ရေး လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များကလည်း အောက်ဆီဂျင် ပိုမိုထုတ်လုပ်ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြစေလို ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းအား အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ် ရောဂါ ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် ဦးသိန်းဌေးတို့က လက်ရှိ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေမှုနှင့် ကုသနေမှုအခြေအနေများ၊ Quarantine Centre နှင့် အတည်ပြုလူနာများထားရှိရန် ဆောင်ရွက်နေမှုများ၊ မြို့အဝင်အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဆောင်ရွက် နေမှုများ၊ အောက်ဆီဂျင်စက်ရုံများ စွမ်းအားပြည့် လည်ပတ်ပြီး ပိုမိုထုတ်လုပ်နိုင်ရေးကိစ္စရပ်များကို လည်းကောင်း၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး က ကိုဗစ်လူနာများ ကုသပေးနေမှုအခြေအနေနှင့် လူနာများ တိုးချဲ့ကုသနိုင်ရန်အတွက် အောက်ဆီဂျင်လိုအပ်ချက်များကို လည်းကောင်း၊ အောက်ဆီဂျင်စက်ရုံလုပ်ငန်းရှင်များက မိမိတို့ စက်ရုံများ၏ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှု ပမာဏ၊ စက်စွမ်းအားအခြေအနေနှင့် လျှပ်စစ်ဓာတ်အား၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အခက်အခဲများကို လည်းကောင်း၊ မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတမှတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှုများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်