နေပြည်တော် ဇူလိုင် ၉
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့၏ (၂/ ၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ၌ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် က တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ တောင်သူလယ်သမားများ နည်းပညာ အပြည့်အဝရရှိရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများ လွယ်ကူအဆင်ပြေစွာ ပံ့ပိုးနိုင်ရေးနှင့် လယ်ယာထုတ်ကုန် များရောင်းချရာတွင် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးတို့အတွက် လယ်ယာထုတ် စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့မှုများနှင့် ဇွန် ၄ ရက်တွင် ကျင်းပခဲ့သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ ပထမအကြိမ် စုံညီအစည်းအဝေး ဆုံးဖြတ်ချက်များအနက် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က ဆောင်ရွက်ရမည့် အချက် (၅) ချက်မှ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာနိုင်ရေးနှင့် ကြက်သွန်နီ အခြေခံ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးတို့အတွက် ဦးဆောင်အဖွဲ့သို့ သုံးသပ်တွက်ချက် တင်ပြရမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့၏ (၁/၂၀၂၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီး မှုများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က (၂/၂၀၂၁) ကြိမ် မြောက် ညှိနှိုင်းအစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အမှာစာများအပေါ် အသီးသီး ဆွေးနွေးအကြံပြုတင်ပြခဲ့ကြသည်။
အစည်းအဝေးသို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်